ပျော်ဘွယ်မြို့နယ် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းတွင် ပလတ်စတစ်ဘူးခွံကောက်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၂၁ ရက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၆ မိုင် တစ်ဖာလုံအနီး၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာလမ်းဘေး၌ ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာနေ ဦးညီညီ (၃၃ နှစ်) အား ဝဲတင်ပါးမှ ကျည်ဖောက်ဝင်ပြီး ဝဲပေါင်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက် ရရှိထားသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက စိစစ်ခဲ့ရာ ဦးညီညီသည် ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ ပလပ်စတစ်ဘူးခွံများ လိုက်လံကောက်ယူနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ကျီနီကျေးရွာအနီး၌ မိုင်းထောင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးက ဦးညီညီအား လိုက်လံချောင်းမြောင်းကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကျီနီကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းကြီး မိုင်တိုင်အမှတ် ၂၉၂ မိုင် ငါးဖာလုံနှင့် ခြောက်ဖာလုံအကြား၌ ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အရပ်သားတစ်ဦးအား လုပ်ကြံပစ်ခတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း သိရသည်။