ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံး

ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံး
Published 21 November 2023

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်ပေါ်သို့ နိုဝင်ဘာ ၂၀ ရက် ည ၁၀ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက် မြို့တော်ဦး ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းနေအိမ်အတွင်း အိပ်ပျော်နေသည့် ဦးထွန်းရင် (ခ) ဦးကုလားနှင့် ကိုဖြိုးမင်းခန့်တို့ နှစ်ဦးမှာ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကြကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “နောက်အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုခန့်မိုးဦးမှာက ညာဘက်ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်။ သူတို့သုံးဦးက သားအဖတွေလို့လည်း ပြောကြတယ်” ဟု ပြောကြားသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည့် နေအိမ်မှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုခန့်မိုးဦးမှာ ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အဆိုပါမြို့ခံက ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးကျည်များ မကြာခဏကျရောက် ပေါက်ကွဲလေ့ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က တပ်မတော်နှင့် KNU၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက် သစ်စက်လမ်းသွယ်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းကလည်း ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent