ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မိုင်းခွဲဖြိုချဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေ

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မိုင်းခွဲဖြိုချဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေ
Published 20 November 2023

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာ နိုဝင်ဘာ ၁၇ ရက်က မိုင်းခွဲဖြိုချဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံများ သွားရေးလာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအတ္ထရံတံတား (ချောင်းနှစ်ခွ) မိုင်းခွဲဖြိုချဖျက်ဆီးခံခဲ့ရသည့်အတွက် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွ၊ ပေါလောကုန်း၊ မီးသွေးကုန်း အစရှိသည့် ကျေးရွာပေါင်း ၃၀ ခန့်မှ ဒေသခံများအပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကြာအင်း၊ သံပုရာ၊ ကမော့၊ ဒါလီအစရှိသည့် ကျေးရွာများမှ ဒေသခံများအနေဖြင့် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြာအင်းဆိပ်ကြီးဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီး - ခလယ်တံခွန်တိုင်- မုဒုံလမ်းတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွား နေသည့်အတွက်ကြောင့်လည်းကောင်း၊ ကြာအင်းဆိပ်ကြီး-ငပုအင်း-ကျုံကွယ်-ဖာသိမ်- ကျိုက်မရောလမ်းမှာလည်း ပိတ်ဆို့ထားသည့်အတွက်ကြောင့်လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှ ဒေသခံများအနေဖြင့် မွန်ပြည်နယ်သို့ သွားလာရာတွင် ကြာအင်းဆိပ်ကြီး -ချောင်းနှစ်ခွ-မုဒုံလမ်းကိုသာ အဓိကထားအသုံးပြုနေကြရကြောင်း ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “နိုဝင်ဘာလ ၁၀ ရက်ကစလို့ ချောင်းနှစ်ခွမှာ တိုက်ပွဲတွေဖြစ်တော့ ကြာအင်းဆိပ်ကြီးကလူတွေ မွန်ပြည်နယ်ဘက်ကို သွားလာလို့မရတော့ဘူး။ မဖြစ်မနေသွားလာရတာတို့၊ ကုန်စည်ပို့ဆောင်ရတာတို့၊ ကျန်းမာရေးကိစ္စတို့အတွက်ဆိုရင်တော့ ကြာအင်းဆိပ်ကြီးကနေ ကော့ကရိတ်ဘက်ကို တက်ပြီးမှ ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်-မော်လမြိုင်လမ်းကနေ ပတ်ပြီးတော့ သွားလာနေကြရတယ်။ အချိန်လည်း ပိုကုန်သလို ငွေလည်းပိုကုန်ပါတယ်။ ဒါတောင် အဲဒီလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေရင်တော့ ကြာအင်းဆိပ်ကြီးကလူတွေ ဘယ်မှသွားလာလို့ ရတော့မှာမဟုတ်တော့ဘူး” ဟု ဆိုသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ဒေသခံများအပြင် ကျိုက်ဒုံမြို့၊ ဘုရားသုံးဆူမြို့မှ ဒေသခံများအနေဖြင့် မွန်ပြည်နယ်ဘက်သို့ သွားလာ၍မရတော့သည့်အခြေအနေများနှင့် ကြုံတွေ့နေခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကိစ္စပဲဖြစ်ဖြစ် မဖြစ်မနေ သွားလာရမယ့်ခရီးအတွက်ပဲဖြစ်ဖြစ် အခုလိုချောင်းနှစ်ခွတံတား ပျက်စီးသွားတော့ သွားရေးလာရေးက ဘယ်လိုမှအဆင်မပြေတော့ဘူး။ ဟိုအရင်ကလို ဇက်နဲ့ကူးဖို့ကလည်း နယ်မြေက မတည်ငြိမ်သေးတော့ အဆင်ပြေဦးမှာမဟုတ်သေးဘူး။ ရေလမ်းကြောင်းကပဲ သွားလာရတော့မယ့် အခြေအနေမျိုးဖြစ်သွားပြီ” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောကြားသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာ မုဒုံ- ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်တွင်ရှိသည့် အဓိက တံတးတစ်စင်းဖြစ်သည့်အပြင် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်မြို့များဖြစ်သည့် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့များသို့ ချိတ်ဆက်သွားလာနိုင်သည့် လမ်းပေါ် ၌ တည်ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent