တိုက်ပွဲများကြောင့် ဆက်တိုက်ကျဆင်းနေတဲ့ မွန်ပြည်နယ် ရော်ဘာဈေး

တိုက်ပွဲများကြောင့် ဆက်တိုက်ကျဆင်းနေတဲ့ မွန်ပြည်နယ် ရော်ဘာဈေး
Published 18 November 2023
ဘိုဘိုမြင့်

ယခုနှစ် မွန်ပြည်နယ် ရော်ဘာဈေးကွက်မှာ ရော်ဘာဈေးနှုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ခရီးလမ်းပန်းခက်ခဲကာ ဈေးနှုန်း ကျဆင်းနေတယ်လို့ ရော်ဘာစိုက် တောင်သူများနဲ့ ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူများထံမှ သိရပါ တယ်။

မွန်ပြည်နယ် ရော်ဘာရာသီအစဖြစ်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ RSS - 1 အမျိုးအစား ရော်ဘာတစ်ပေါင်ကို ကျပ် ၁၈၀၀ ဝန်းကျင်အထိ ဈေးကောင်းရပြီး အဖွင့်လှခဲ့ပါတယ်။

ထို့အတူပါပဲ Local – 3 မှိုင်းခံပြား တစ်ပေါင်ကို ၁၇၂၀ ကျပ်ဝန်းကျင် နဲ့ Local – 3 နေလှန်းပြားတစ်ပေါင်ကို ၁၇၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့တယ်လို့ မော်လမြိုင်မြို့က ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“မနှစ်က ဒီလို ရော်ဘာရာသီအစမှာ RSS - 1 က တစ်ပေါင်ကို ကျပ် ၁၄၀၀ လောက်ပဲရှိခဲ့တာပါ။ ဒီနှစ်က ဈေးပိုကောင်းတယ်လို့ ပြောလို့ရတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

ဒါပေမဲ့ ရော်ဘာရာသီအစ ဈေးနှုန်းတွေက ရော်ဘာစိုက်တောင်သူတွေအတွက်လည်း အကျိုးအမြတ်သိပ်မရဘူးလို့ ရော်ဘာစိုက်တောင်သူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ရော်ဘာစိုက်တောင်သူတစ်ဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ရော်ဘာတစ်ပေါင်ကို ကျပ် ၁၇၀၀ ကျော်ဈေးရနေပေမဲ့ ကျွန်တော်တို့ ခြံသမားတွေက အကျိုးအမြတ်သိပ်မရဘူး။ မနှစ်ကတည်းက လှောင်ထားကြတဲ့ သူတွေလောက်ပဲ အကျိုးအမြတ်ရှိတာပါ။ နောက်နှစ်လ၊ သုံးလလောက်နေလို့ ရော်ဘာတွေထွက်လာပြီဆိုရင်တော့ ဈေးပြန်ပြုတ်ကျသွားမှာပါ” လို့ သုံးသပ်ပြောကြားပါတယ်။

ဒါ့အပြင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ရော်ဘာခြံအလုပ်သမားများကို လုပ်အားခနဲ့ ကုန်ကျစရိတ်တိုးမြှင့်ပေးရခြင်း၊ ဓာတ်မြေဩဇာနဲ့  အက်စစ်ဈေးနှုန်း ထပ်မံမြင့်တက်သွားနဲ့ ရော်ဘာခြံသုံး ပစ္စည်းကိရိယာများလည်း ယမန်နှစ်ကထက် ဈေးနှုန်းမြင့်တက်နေသည့်အပြင် အလုပ်သမားရှားပါးခြင်း၊ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ရော်ဘာစေးခြစ်ရာမှာ အခက်အခဲများ၊ စိန်ခေါ်မှုများနဲ့ ကြုံတွေ့နေရတယ်လို့ ရော်ဘာစိုက်တောင်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

အဲဒီအပြင် ရော်ဘာခြံများ မဖွင့်ခင် ရော်ဘာခြံများကို သန့်ရှင်းရေးလုပ်ဆောင်ရခြင်း၊ ရော်ဘာပင်များအား ဓာတ်မြေဩဇာကျွေးရခြင်းများ စတင်လုပ်ဆောင်နေရမယ့်အချိန်ကာလကတည်းက အလုပ်သမားခေါ်မရတဲ့ ပြဿနာများဖြစ်နေတယ်လို့ ရေးမြို့နယ် မှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

“အလုပ်သမားတွေက ပြည်ပထွက်ကုန်ကြတာတော်တော်များတယ်။ တချို့ကလည်း နယ်မြေအနေအထားကို စုံစမ်းပြီးတော့ သူတို့ရဲ့လုံခြုံရေးအရ မလာကြတာများတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယခင်နှစ်များက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးဘက်မှ အလုပ်သမားများ လာရောက်အလုပ်လုပ်ကိုင်ကြလေ့ရှိသော်လည်း ယခုနှစ်မှာမူ လမ်းခရီးမှာ စစ်ဆေးမှုများ တင်းကျပ်ထားခြင်းတွေကြောင့် အလုပ်သမားများ လာရောက်နိုင်ခြင်းမရှိဘူးလို့လည်း ၎င်းရော်ဘာစိုက်တောင်သူက ဆိုကြပါတယ်။

အဲဒီအပြင်ကို မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်ကလည်း နယ်မြေလုံခြုံရေးအပြင် ငွေကြေးတန်ဖိုးကွာဟချက်တွေကြောင့် အိမ်နီးချင်းပြည်ပနိုင်ငံများကို သွားရောက်ကာ အလုပ်လုပ်ကိုင်သူများ ပိုမိုများပြားလာတဲ့အတွက်ကြောင့်လည်း ရော်ဘာခြံအလုပ်သမားရှားပါးနေရခြင်းဖြစ်တယ်လို့ မော်လမြိုင်မြို့က ရော်ဘာခြံရှင်တစ်ဦးက ပြောကြားပါတယ်။

“မနှစ်က ငှားဖြစ်တဲ့ အလုပ်သမားတွေက ဒီနှစ်မှာ ပြည်ပရောက်ကုန်ပြီ။ သူတို့က ဟိုမှလည်း ရော်ဘာအစေးခြစ်တဲ့အလုပ်ပဲ လုပ်ကြတာ။ ဒါပေမဲ့ လုပ်အားခရရှိမှုမှာတော့ ကွာသွားတာပေါ့နော်။ နောက်ပြီး လုံခြုံရေးအရကလည်း စိတ်ပူစရာမရှိဘူး။ အဲဒီအခြေအနေတွေကြောင့် ပြည်တွင်းမှာက ကိုယ့်လူအရင်းမှ လူယုံလိုဖြစ်နေတဲ့သူတွေလောက်ပဲ ကျန်ခဲ့တာမျိုးဖြစ်နေတယ်” လို့ ၎င်းကဆက်လက်ပြောပါတယ်။

လက်ရှိ နိုဝင်ဘာလအတွင်းမှာတော့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးများ ရပ်တန့်သွားရတဲ့အတွက် မွန်ပြည်နယ်ထွက်ရော်ဘာတွေ တင်ပို့မှုကလည်း တုံ့ဆိုင်းသွားရတဲ့အပြင် ရော်ဘာဈေးနှုန်းမှာလည်း ပြန်လည်ကျဆင်းလာတာမျိုး တွေ့ရပါတယ်။

အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် မွန်ပြည်နယ်အတွင်း ရော်ဘာဈေးနှုန်းများ ပြန်လည်ကျဆင်းသွားတယ်လို့ ရော်ဘာစိုက်တောင်သူများရဲ့ ပြောကြားချက်များအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက အဆင့်မြင့်ရော်ဘာ RSS – 1 မှာ တစ်ပေါင်ကို ၁၇၀၀ ကျပ် မှ ၁၈၀၀ ကျပ်ကြား ပေါက်ဈေးရှိနေရာက ယခုနိုဝင်ဘာလဆန်းပိုင်းမှာတော့ တစ်ပေါင်ကို ၁၄၅၀ ကျပ်သာ ရှိတော့တယ်လို့ ကျိုက်ထိုမြို့နယ် မှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

“ပုံမှန်ဒီကာလမှာ ရော်ဘာတစ်ပေါင်ကို ကျပ် ၂၀၀၀ ဝန်းကျင်လောက်ကိုရှိနေရမှပါ။ ဒါပေမဲ့ ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေကြောင့်လမ်းတွေပိတ်နေတော့ ပစ္စည်းတွေမသွားဘူးပေါ့နော်။ အဲဒီအခြေအနေတွေကြောင့် ရော်ဘာဈေးတွေကျသွားတာလို့ ယူဆရပါတယ်” လို့ ၎င်းကဆက်ပြောကြားတယ်။

ထို့အတူ Local – 3 မှိုင်းခံပြား တစ်ပေါင်ကို ၁၃၀၀ ကျပ်ဝန်းကျင် နဲ့ Local – 3 နေလှန်းပြားတစ်ပေါင်ကို ၁၄၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားတဲ့အပြင် ကုန်သည်များလည်း လာရောက်ဝယ်မှုမရှိတဲ့အတွက်ကြောင့် ရော်ဘာဈေးများ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်တယ်လို့ ရေးမြို့မှ ရော်ဘာကုန်သည်တစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “လမ်းတွေပိတ်နေတော့ နယ်စပ်က ကုန်သည်တွေမရောက်လာကြဘူးဖြစ်နေတယ်။ ရော်ဘာဈေးနှုန်းတွေ ဆက်တိုက်ကျနေတဲ့အပြင်ကို ရော်ဘာစေးအရည်ကလည်း တစ်ပေါင်ကို ၃၀၀ ကျပ်လောက်ကျသွားတယ်” လို့ ပြောပါတယ်။

လက်ရှိ နိုဝင်ဘာလအတွင်းမှာ ရော်ဘာဈေးနှုန်းများကျဆင်းလာသည့်အတွက် လက်ရှိအခြေအနေများအရ ရော်ဘာစိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုမရှိဖြစ်နေကြောင်းလည်း တောင်သူများက ဆိုကြသည်။

“ဒီနှစ်က လုပ်သားခလည်းတိုးပေးထားရတယ်။ သွင်းအားစုတွေကလည်း ဈေးတွေထပ်တက်တယ်။ ရာသီဥတုအခြေအနေကလည်း မိုးကရွာချင်ရွာချနေတုန်းပဲ ဆိုတော့ ရော်ဘာအဖွင့်မှာ အခြေအနေသိပ်မကောင်းဘူးလို့ ပြောရမယ်” လို့ ကျိုက်မရောမြို့နယ်မှ ရော်ဘာစိုက်တော်သူတစ်ဦးက ပြောပါတယ်။

“ကျိုက်မရောမြို့နယ် ကျွန်းရွာရှိတဲ့ ကျွန်မတို့ရဲ့ရော်ဘာခြံကို ပြုပြင်ပြီးတော့ ရော်ဘာစေး သုံးရက်တည်းလှီးရသေးတယ်။ နိုဝင်ဘာလ ၁၀ ရက်မှာ တိုက်ပွဲတွေဖြစ်တော့ ခြံကို ဒီအတိုင်းပစ်ထားပြီး ပြေးကြရတော့တာပေါ့” လို့ ၎င်းကဆက်လက်ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေ၊ တိုက်ပွဲအခြေအနေများကြောင့် ရော်ဘာဈေးနှုန်းထပ်မံကျဆင်းသွားမှာလည်း စိုးရိမ်နေရတယ်လို့ ၎င်းရော်ဘာစိုက်တောင်သူက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်က လုံခြုံရေးအခြေအနေတွေကြောင့် ခြံတွေစောပိတ်ရတယ်။ တချို့ခြံတွေကို ဒီအတိုင်းပစ်ထားလိုက်ရတာမျိုးရှိခဲ့တယ်။ ရသလောက်လေးပဲ လုပ်ကြရတာပေါ့နော်။ ဒီနှစ် ရော်ဘာရာသီမှာ ရော်ဘာစေးစခြစ်တာနဲ့ ပြေးနေရပြီးဆိုတော့ အဆင်မပြေဘူး” လို့ ၎င်းကဆက်ပြောပါတယ်။

မွန်ပြည်နယ်ရဲ့အသက်သွေးကြောလုပ်ငန်းတစ်ခုဖြစ်တဲ့ ရော်ဘာလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလလယ်မှ မေလကုန်အထိ လုပ်ကိုင်လေ့ရှိကြပြီး  ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အထိ မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ၄၉၈၀၀၀ ကျော်ရှိပြီး ကာ တန်ချိန် ၁၂၆၀၀၀ ကျော်ထွက်ရှိပါတယ်။

သို့ပေမဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းနဲ့အတူ ရော်ဘာစိုက်ပျိုး ထုတ်ခြင်းလုပ်ငန်းက အသက်ရင်းပြီးလုပ်ကိုင်လာရတဲ့အခြေအနေမျိုးဖြစ်လာနေတယ်လို့ ရော်ဘာစိုက်တောင်သူတွေက ဆိုလာကြပါတယ်။

“ရော်ဘာစေးခြစ်ကို ညဘက်တွေ၊ မနက်အစောပိုင်းအချိန်တွေမှာ ခြစ်ရတာများတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရေးမြို့နယ်အတွင်းမှာက Martial Law ထုတ်ထားတော့ ညဘက်အစေးလှီးဖို့က ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရဘူးဆိုတော့ ဘယ်လိုမှကို အဆင်မပြေတော့တာပါ” လို့ ရေးမြို့နယ် လမိုင်းမြို့က ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

  လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေတွေအရ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရော်ဘာစိုက်တောင်သူတွေအနေနဲ့ ရော်ဘာစေးခြစ်တဲ့လုပ်ငန်းတွေကို စိတ်အေးချမ်းသာစွာလုပ်ဆောင်နိုင်ဖို့၊ ရော်ဘာကုန်သည်တွေလည်း ရော်ဘာဈေးကွက်ကောင်းရဖို့အတွက်ကတော့ လတ်တလောမှာ ဆုတောင်းနေကြရုံပါဘဲ တတ်နိုင်ကြမှာပါ။

                                                         

Most Read

Most Recent