ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ် တစ်ဦးကို ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ် တစ်ဦးကို ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်
■Photo: တာဝန်မှ ရပ်စဲလိုက်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအား ကာ/လုံ အစည်းအဝေးတွင် တွေ့ရစဉ်
■Photo: တာဝန်မှ ရပ်စဲလိုက်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအား ကာ/လုံ အစည်းအဝေးတွင် တွေ့ရစဉ်
Published 16 November 2023

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေအား တာဝန်မှ ရပ်စဲလိုက်ပြီး  ခေတ္တဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုဝင်ဘာ ၁၅ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုဆောင်ရွက်နိုင်ရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law)အာဏာ ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း အမိန့်အား နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ဒေသကွပ်ကဲရေးမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကို ကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်အုပ်ချုပ်ရေး(Martial Law)ဒေသအတွင်းရှိ ဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသကွပ်ကဲရေးမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူးများကို နစက ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်ကြောင်လည်း နစကမှ ထုတ်ပြန်ထားသည်။

 

Most Read

Most Recent