ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ လွိုင်ကောင်းမှုတောင်ကုန်းရှိ လုံထန်ပြည်သူစစ် အရံအင်အားထားရှိသော စခန်းကုန်းနှင့် ၁၀၅ မိုင် တပ်စခန်းကုန်းတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၁၅ ရက် နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခက်မှုများဖြစ်ပေါ်နေကြောင်း သိရပြီး ကုန်သွယ်ရေးဇုန်အတွင်းရှိ မိုင်းယုကျေးရွာဒေသခံများပိတ်မိနေကြောင်း သိရသည်။
“မနေ့ နေ့လည်နဲ့ ညက တစ်ဖုံးဖုံးတစ်အုန်းအုန်းနဲ့ တပ်ကုန်းဘက်မှာကော ဘုရားကုန်းဘက်မှာကော ဒရုန်းတွေနဲ့ ဗုံးလာချတာ၊ ပေါင် ၅၀၀ ဗုံးအရွယ်အစားလောက်ရှိတဲ့ ဒရုန်းတွေနဲ့ ဗုံးလာချတာ၊ သေနတ်သံတွေလည်းဆူညံနေတာ၊ ညကလည်း တစ်ညလုံးမအိပ်ရဘူး၊ ဒီမနက်သန်းခေါင်ကျော်မှာ TNLA အဖွဲ့က ဝင်တိုက်တယ်၊ ရွာထဲကလူတွေတစ်ချို့ အပြင်ထွက်ကြည့်တာတော့ရှိတယ်၊ အိမ်ထဲမှာဝပ်နေတဲ့ သူတွေက ဝပ်နေကျတာ၊ ကျွန်တော်တို့က ဘယ်ဘက်မှ စစ်ရှောင်လို့မရဘူး၊ တုန်ခံဘက်မှာလည်းပိတ်ထားတော့ မူဆယ်ဘက်သွားလို့မရဘူး၊ အားလုံးပိတ်ပိနေတယ်၊ ဒီမနက်ပိုင်းအစောကြီးထဲက၊ ခုက ကုန်သွယ်ရေးဇုန်ထဲက တပ်စခန်းကုန်းကို တိုက်နေတာ” ဟု မိုင်းယုကျေးရွာ ၁၀၅ မိုင်နေသူတစ်ဦးက ပြောကြားသည်။
လွိုင်ကောင်းမှုတောင်ကုန်းအား ၁၀၅ မိုင် တပ်စခန်းမှ လှမ်းပစ်ခတ်မှုများရှိနေပြီး ယမန့်နေ့ နေ့လည်ပိုင်းလောက်မှစတင်ကာ လက်နက်ကိုင်အဖွဲ့များက ဒရုန်းများဖြင့် ၁၀၅ မိုင်တပ်စခန်းကုန်းနှင့် လွိုင်ကောင်းမှုတောင်ကုန်း (ဒေသအခေါ် စေတီကုန်း)တို့အား ဗုံးများကျဲချမှုများရှိနေပြီး ၁၀၅ မိုင် တပ်မတော်တပ်ကုန်းစခန်းက ခုခံတိုက်ခိုက်လျက်ရှိကြောင်းသိရကာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်၌ အရပ်သားပြည်သူများက ယမန်နေ့ညကတည်းက စစ်ဘေးရှောင်သွားကြပြီး ယနေ့(နိုဝင်ဘာ ၁၅ ရက်) နံနက်ပိုင်း၌ မြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သာသနိကအဆောက်အဦးများနှင့် လူနေအိမ်များ ထိမှန်ခဲ့ကြောင်း သိရသည်။
၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာ အဓိက ကုန်စည်ကူးသန်းရောင်းဝယ်ရာ မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပြီး ကူသန်းရောင်းဝယ်မှုတွင် တိုင်းပြည်၏ အခွန်အခအများဆုံး ရှာဖွေပေးနေသော ဇုန်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်ကာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊
TNLA၊ AA နှင့် BPLA၊ PDF (Mandalay) တို့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်မြို့ အပါအဝင် လောက်ကိုင်၊ ကွန်းလုံ၊ သိန္နီ၊ လားရှိုး၊ ကွက်ခိုင်၊ နမ့်ခမ်းတို့ကို နယ်မြေခွဲကာ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာမှ တပ်မတော်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာမှစတင်ကာ ရှမ်းမြောက်တခွင် တိုက်ပွဲ ကြီးငယ်များဖြစ်ပွားခဲ့ရာ မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းနှင့် လောက်ကိုင်- လားရှိုး ပြည်ထောင်စုလမ်း ကိုလည်း MNDAA က အသိပေးစာထုတ်ပြန်၍ ပိတ်ထားခဲ့ရာမှ တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်နှင့် တန့်ယန်းမြို့နယ်အတွင်းရှိ တက်မတော်စခန်းနှင့် ပြည်သူ့စစ်စခန်း သုံးခုအား နိုဝင်ဘာလ ၁၄ ရက်က TNLA အဖွဲ့က တိုက်ခိုက်ထိန်းချုပ်မှုများရှိခဲ့ကြောင်း သိရသည်။