လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ အမေရိကန်၌ တွေ့ဆုံမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများ အတည်ပြု

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ အမေရိကန်၌ တွေ့ဆုံမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများ အတည်ပြု
ပုံစာ-၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဘာလီကျွန်းတွင် ပြုလုပ်သည့် ဂျီ၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှုအတွင်း သမ္မတဂျိုးဘိုင်ဒင်(ယာ)နှင့် သမ္မတရှီကျင်းပင်(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်။(Photo:AFP)
ပုံစာ-၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဘာလီကျွန်းတွင် ပြုလုပ်သည့် ဂျီ၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှုအတွင်း သမ္မတဂျိုးဘိုင်ဒင်(ယာ)နှင့် သမ္မတရှီကျင်းပင်(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်။(Photo:AFP)
Published 11 November 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် လာမည့်သီတင်းပတ်အတွင်း ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် အေပက်ထိပ်သီးအစည်း အဝေး ဘေးဆွယ်တွေ့ဆုံမှု ပြုလုပ်သွားမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများက နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်အများအပြားကို ဆွေးနွေးမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအားပြိုင်မှုများကို တာဝန်သိသိ ကိုင်တွယ်စီမံမည့် နည်းလမ်းများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်း ပြန်ကြားရေးတာဝန်ခံ ကာရင်းဂျင်-ပီရဲယ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သမ္မတရှီကျင်းပင်သည် တရုတ်-အမေရိကန်ခေါင်းဆောင်များ၏ ဆွေးနွေးပွဲကို တက်ရောက်ရန် နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကြာမြင့်မည့် ခရီးစဉ်အတွက် ဆန်ဖရန်စစ္စကိုသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် သမ္မတရှီသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း(အေပက်)ခေါင်းဆောင်များ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ရန် စီစဉ်ထားသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

မကြာသေးမီလများအတွင်း နှစ်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နောက်တွင် ရှီနှင့်ဘိုင်ဒင်တို့၏ ထိပ်သီးတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဘာလီကျွန်းတွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက် ထိပ်သီးတွေ့ဆုံမှုသည် အလွန်အေးစက်နေသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် သိသာထင်ရှားသော ရလဒ်များကို မျှော်လင့်မထားရန်လည်း ၎င်းက သတိပေးခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲ၊ ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုနှင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တင်းမာမှုမြင့်တက်နေခြင်းကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

အသက် ၈၀ အရွယ် သမ္မတဘိုင်ဒင်နှင့် အသက် ၇၀ အရွယ် သမ္မတရှီတို့သည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်မည့် အေပက်ထိပ်သီး အစည်းအဝေးကို တက်ရောက်မည်ဖြစ်သော်လည်း ၎င်းင်းတို့၏ တွေ့ဆုံမှုကို ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခြင်းပြုမပြုကိုမူ တာဝန်ရှိသူများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ယမန်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှု၌ ဘိုင်ဒင်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အေပက်ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှီကို ဖိတ်ကြားခဲ့သည်။ သမ္မတဘိုင်ဒင်က မကြာမီ သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း မကြာခဏပြောကြားခဲ့သည်။              

Ref:AFP

Most Read

Most Recent