လားရှိုးမြို့အရှေ့ဘက် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံအများစု တိုက်ပွဲရှောင်ရန် လားရှိုးမြို့ပေါ်သို့ ထပ်မံရောက်ရှိလာ

လားရှိုးမြို့အရှေ့ဘက် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံအများစု တိုက်ပွဲရှောင်ရန် လားရှိုးမြို့ပေါ်သို့ ထပ်မံရောက်ရှိလာ
■လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီတိုက်ပွဲရှောင်သူများကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်
■လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီတိုက်ပွဲရှောင်သူများကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်
Published 9 November 2023

လားရှိုးမြို့ အရှေ့ဘက် မိုင်းယော်ကျေးရွာဘက်သို့သွားသည့် အနီးဝန်းကျင်တစ်ဝိုက်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းမှစတင်ကာ ၉ ရက်နေ့ နံနက်ပိုင်းထိ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံအချို့မှာ တိုက်ပွဲရှောင်ရန် လားရှိုးမြို့ပေါ်သို့ ထပ်မံရောက်ရှိလာနေကြောင်း သိရသည်။

နိုဝင်ဘာလ နံနက်အစောပိုင်းတွင်လည်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ လားရှိုးမြို့ပေါ်မှပင် ခပ်စိပ်စိပ်ကြားနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“မနေ့ညကဆို လက်နက်ကြီးပစ်သံတွေကြားတယ်။ ဘယ်ဘက်ကို ပစ်တယ်ဆိုတာတော့ မသိဘူး။ လားရှိုးမြို့တွင်းမှာလည်း လက်နက်ငယ်ပစ်ခတ်သံတွေကြားနေရတယ်။ မြို့ကတော့ ပုံမှန်သွားလာလှုပ်ရှား နေကြတာပါပဲ။ ဈေးကတော့ဖွင့်တယ်။အရောင်းအဝယ်တော့ သိပ်ဖြစ်ပုံမရဘူး။ ဈေးဝယ်သိပ်မတွေ့ကြရဘူး။ ” ဟု ဒေသခံတစ်ဦးကဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် လားရှိုးနှင့်ဆယ်မိုင်ခန့်သာဝေးသည့် မိုင်းတင်ကျေးရွာ၌ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံအချို့ သေဆုံးမှုရှိခဲ့ကြောင်းနှင့် အဆိုပါကျေးရွာနှင့် အနီးတစ်ဝိုက်မှဒေသခံများမှာ လားရှိုးမြို့ပေါ်သို့ လမ်းလျှောက်ကာ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

“ကျွန်တော်တို့ ပရဟိတတွေကတော့ သွားကြိုဖို့အသင့်ပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ပစ်ခတ်မှုတွေ ရှိနေတော့ ဒီဘက်က ရွာထိပေးမသွားဘူး။ ဒါကြောင့် ကျွန်တော်တို့က လမ်းတစ်ဝက်ကနေ တိုက်ပွဲရှောင်တွေလာတဲ့ လမ်းမှာစောင့်နေတယ်။သူတို့ကို ခေါ်ပြီးမန်ဆူတိုက်ပွဲရှောင်စခန်းကိုပို့ပေးမယ်”ဟု ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ယာယီတိုက်ပွဲရှောင်စခန်း(၈)နေရာထိရှိနေပြီး တိုက်ပွဲရှောင်သူဦးရေအများဆုံးနေရာမှာ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဖြစ်ကြောင်း သိရသည်။

“မန်ဆူရှမ်းကျောင်းမှာတော့ ယာယီတိုက်ပွဲရှောင်တွေများတယ်။ တစ်ရက်ကို နှစ်ထောင်ကျော်တယ်။ သေနတ်သံတိတ်ရင် ပြန်သွားလိုက် ။တိုက်ပွဲတွေဖြစ်ရင် ပြန်လာလိုက်အဲ့လိုပေါ့။အခြေအနေက မတည်ငြိမ်နေသေးတော့ တော်တော်များများကတော့ နေရပ်ကိုမပြန်နိုင်ကြသေးပါဘူး။”ဟု တိုက်ပွဲရှောင် စခန်းတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသူ မနန်းက ပြောသည်။

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ၊ ဟိုပိတ်ဘုန်းကြီးကျောင်း ၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတို့တွင် အိမ်ထောင်စု(၉၉၆) စု၊ လူဦးရေ (၃၆၉၄) ဦးတို့ရောက်ရှိခိုလှုံလျက်ရှိနေပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ယာယီတိုက်ပွဲရှောင်သူများ ထပ်မံရောက်ရှိလာနေသေးကြောင်း သိရသည်။

 

Most Read

Most Recent