အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပြီး ကိုးကန့်ဒေသကိစ္စအပါအဝင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ ဆွေးနွေး  ■ မြန်မာ-တရုတ် ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား 

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပြီး ကိုးကန့်ဒေသကိစ္စအပါအဝင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ ဆွေးနွေး  ■ မြန်မာ-တရုတ် ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား 
Published 8 November 2023

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို နိုဝင်ဘာ ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်( ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လက်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်များနှင့် ဆက်စပ်လျက်ရှိသည့် အခြေအနေများအား သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ အခြေအနေ၊ တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများ၏ အစသည် မူးယစ်ဆေးဝါးပြဿနာပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါး အမြစ်ပြတ်နှိမ်နှင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိုအတွက် ရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မားရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချင်းရွှေဟော်ဒေသမှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ အရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံကူညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန် ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရှိနေခြင်းဖြစ်ကြောင်းနှင့် ယနေ့ ဆွေးနွေးချက်များကို မှတ်တမ်းတင်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent