နိုင်ငံ့အကျိုးစီးပွား

နိုင်ငံ့အကျိုးစီးပွား
Published 8 November 2023

“နိုင်ငံ့အကျိုးစီးပွားဟူသည် ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာရပ်များကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ထိပါးခြင်းမှနေ၍ ကာကွယ်စောင့်ရှောက်မှုအား ဆက်လက်ရှင်သန်အောင် ပြုလုပ်ရေးဖြစ်သည်”

မော်ဂင်ဆော (၁၉၀၄-၁၉၈၀) အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပညာရှင်

နိုင်ငံ့အကျိုးစီးပွားသည် နိုင်ငံတကာဆက်ဆံရေး၌ အဓိကကျသော သဘောတရားတစ်ရပ်ဖြစ်သည်။ နိုင်ငံအားလုံးသည် ၎င်းတို့၏ နိုင်ငံတော်အကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ ပြည့်ဝစေရန် သို့မဟုတ် လုံခြုံစေရန် လုပ်ငန်းစဉ်တစ်ရပ်ကို အမြဲထမ်းဆောင်နေရသည်။ နိုင်ငံအသီးသီးတို့၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်းတို့၏ နိုင်ငံ့အကျိုးစီးပွားပေါ်၌ အခြေခံကာတွက်ချက်ထားခြင်းဖြစ်သည်။ နိုင်ငံတိုင်းအနေဖြင့် ၎င်းတို့၏ နိုင်ငံ့အကျိုးစီးပွားကို လုံခြုံအောင်ပြုလုပ်ပိုင်ခွင့်အား တစ်ကမ္ဘာလုံးက လက်ခံထားကြသည်။ နိုင်ငံတစ်နိုင်ငံ၏ အမူအကျင့်များသည် ၎င်း၏ နိုင်ငံတော်အကျိုးစီးပွား၏ချုပ်ကိုင်မှုခံရပြီး ယင်းအကျိုးစီးပွားအလိုက် ပြောင်းလဲနေမည်ဖြစ်သည်။ နိုင်ငံအသီးသီးတို့က လုံခြုံရန်ကြိုးပမ်းသော နိုင်ငံ့အကျိုးစီးပွားအမျိုးအစား ခြောက်ရပ်ရှိသည်။

ပထမအကျိုးစီးပွား - ယင်းအကျိုးစီးပွားများသည် မည်သည့်နိုင်ငံကမျှ အထိပါးမခံနိုင်သော အကျိုးစီးပွားများဖြစ်သည်။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမှတ်လက္ခဏာရပ်များကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက် ထိပါးခြင်းမှနေ၍ ထိန်းသိမ်းစောင့်ရှောက်ရေးပါဝင်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းအကျိုးစီးပွားများအတွက် မည်သည့်နည်းနှင့်မဆို ခုခံကာကွယ်ရမည်ဖြစ်သည်။

ဒုတိယအကျိုးစီးပွား - ယင်းသည် ပထမအကျိုးစီးပွားထက် အရေးကြီးမှုလျော့နည်းသည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ ဖြစ်တည်မှုအတွက် လုံးဝအရေးပါသည်။ ယင်းတွင် ပြည်ပသို့ ရောက်ရှိနေသော မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်ပတွင် သံတမန်ဝန်ထမ်းများအတွက် အပြစ်ပေးမှုမှ သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်ရရှိရန် သေချာစေရေးတို့ ပါဝင်သည်။

အမြဲတမ်းအကျိုးစီးပွား - ယင်းသည် ရေရှည်နိုင်ငံတော်အကျိုးစီးပွားကို ရည်ညွှန်းသည်။ ယင်းကိစ္စသည် ပြောင်းလဲမှုအလွန်နှေးကွေးသောသဘောရှိသည်။ အမေရိကန်သည် သူ၏အကျိုးစီးပွားအဖြစ် သြဇာသက်ရောက်မှု အဝန်းအဝိုင်းကိုထိန်းထားခြင်းနှင့် သမုဒ္ဒရာအားလုံး၌ လွတ်လပ်စွာသွားလာခွင့်ကို ထိန်းသိမ်းထားခြင်းတို့သည် အမြဲတမ်းအကျိုးစီးပွားအတွက် နမူနာများဖြစ်သည်။

အပြောင်းအလဲရှိသောအကျိုးစီးပွား - ယင်းကဲ့သို့သော အကျိုးစီးပွားများသည် သက်ဆိုင်ရာ အခြေအနေရပ်တစ်ခုအတွင်း နိုင်ငံ၏ကောင်းကျိုးအတွက် အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားသောကိစ္စများဖြစ်သည်။ သဘောတရားအရ ယင်းသည် ပထမအကျိုးစီးပွားနှင့် အမြဲတမ်းအကျိုးစီးပွား နှစ်ရပ်စလုံးမှနေ၍ ကွဲပြားသွားနိုင်သည်။ အပြောင်းအလဲရှိသော အကျိုးစီးပွားကို လက်ရှိပုဂ္ဂိုလ်ရေး အပြန်အလှန်လမ်းကြောင်းများ၊ ပြည်သူ့သဘောထား၊ ကဏ္ဍအလိုက် အကျိုးစီးပွားများ၊ ဘက်အလိုက်နိုင်ငံရေး၊ နိုင်ငံရေးဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာလမ်းကြောင်းများ အစရှိသည်တို့က အကြီးအကျယ်လွှမ်းမိုးသည်။

အထွေထွေအကျိုးစီးပွား - နိုင်ငံတစ်နိုင်ငံ၏ အထွေထွေအကျိုးစီးပွားသည် နိုင်ငံပေါင်းများစွာရှိ သို့မဟုတ် စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံရေးအစရှိသော သီးခြားနယ်ပယ်ပေါင်းများစွာရှိ အပြုသဘောဆောင်သော အခြေအနေရပ်များကို ရည်ညွှန်းသည်။ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်သည် နိုင်ငံအားလုံး၏ အထွေထွေအကျိုးစီးပွားဖြစ်သည်။ လက်နက်ဖျက်သိမ်းခြင်းနှင့် လက်နက်ထိန်းချုပ်ခြင်းတို့သည် ယင်းအမျိုးအစားထဲ၌ ပါဝင်သည်။

သီးခြားအကျိုးစီးပွား - ယင်းတို့သည် အထွေထွေအကျိုးစီးပွားဆိုင်ရာ ယုတ္တိဗေဒကျသော ရလဒ်ဖြစ်ပြီး ကာလနှင့်ဒေသကိုလိုက်၍ သတ်မှတ်နိုင်သည်။ ဒေသတွင်းတစ်ခုအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ကို ထိန်းသိမ်းခြင်းသည် ယင်းအမျိုးအစားဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံ့အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရသည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■နိုဝင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent