ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ရုရှား စစ်ရေယာဉ်များ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာ

ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ရုရှား စစ်ရေယာဉ်များ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာ
Published 8 November 2023

ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ရုရှားစစ်ရေယာဉ်များ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်  ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai AEVMENOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက်က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ရာ နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသို့ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်များ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း(Harbour Phase) လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် တပ်မတော်(ရေ) စစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများနှင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်း ဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့်ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် မြန်မာနိုင်ငံတော်သို့ နိုဝင်ဘာ ၂ ရက်တွင် ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့်လိုက်ပါလာကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ်Admiral Nikolai AEVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိဗာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှားနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A EVMENOV အား နိုဝင်ဘာ ၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပင်လယ်ရေကြောင်းလုံခြုံရေး ပူးပေါင်းလေ့ကျင့်ခန်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများပါဝင်သည့် ရေကြောင်းလုံခြုံရေးပင်လယ်ပြင် လေ့ကျင့်ခန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလေ့ကျင့်ခန်းများ ဆောင်ရွက်မည့်ဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောများ ဖြတ်သန်းသွားလာခြင်း၊ အမြင့်ပေ ၁၅၀၀၀ အောက်လေယာဉ်၊ ရဟတ်ယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent