ဘယ်သူတွေ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့် တက်မလဲ

ဘယ်သူတွေ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့် တက်မလဲ
Photos: AFP
Photos: AFP
Published 6 November 2023
Wai Yan Aung

    ချန်ပီယံလိဂ်ပြိုင်ပွဲမှာ  အုပ်စုအဆင့်ပွဲစဉ်(၆) ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့အသင်းတွေ အကြိမ်ကြိမ်ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီလိုစွမ်းဆောင်ပြီး ချန်ပီယံဆု ရရှိတဲ့အထိ လျှောက်လှမ်းနိုင်တာတော့ လက်ရှိ ပြိုင်ပွဲပုံစံအတိုင်း ယှဉ်ပြိုင်ရတဲ့ကာလအတွင်းမှာ တစ်သင်းသာ ရှိခဲ့ဖူးပါတယ်။ ဘိုင်ယန်မြူးနစ်ပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၀၃-၀၄ ရာသီကစပြီး လက်ရှိပုံစံအတိုင်း အုပ်စုအဆင့်၊ ရှုံးထွက်(၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲဆိုပြီး ယှဉ်ပြိုင်ကစားလာခဲ့တာပါ။ ဒီကာလ နှစ်ပေါင်း(၂၀)အတွင်းမှာ အုပ်စုအဆင့် ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆု ရယူနိုင်တာ ဘိုင်ယန်မြူးနစ် တစ်သင်းပဲ ရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၁၉-၂၀ ရာသီမှာ စပါး၊ အိုလံပီယာကော့စ်၊ ဇဗက်ဒါတို့နဲ့ အုပ်စု(B)အတွင်း ကျရောက်ခဲ့ပြီး (၆)ပွဲစလုံးအနိုင်ရခဲ့တာပါ။ အဲဒီရာသီက ကိုရိုနာကပ်ဘေးကာလဖြစ်တာကြောင့် ရှုံးထွက်အဆင့်တွေမှာတော့ ပွဲရွှေ့ဆိုင်းရတာတွေ၊ ကြားကွင်းမှာ ယှဉ်ပြိုင်ရတာတွေ ဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘိုင်ယန်မြူးနစ်အသင်းက နောက်ပိုင်းရှုံးထွက်အဆင့်တွေမှာလည်း ပွဲတိုင်းအနိုင်ရပြီး ပြိုင်ပွဲတစ်လျှောက်လုံး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဗိုလ်စွဲခဲ့တာပါ။ ဘာစီလိုနာအသင်းကို (၈-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲလည်း ပါဝင်ခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြောင်မြောက်လွန်းတဲ့ရာသီဖြစ်ပြီး အဲဒီရာသီမှာ ချန်ပီယံလိဂ်အပြင် ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားပါရယူကာ ဖလားသုံးလုံးချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒီလိုဖလားသုံးလုံးအောင်ပွဲကို ပြီးခဲ့တဲ့ ရာသီက မန်စီးတီးအပါအဝင် မန်ယူ၊ ဘာစီလိုနာ၊ အင်တာမီလန်တို့လည်း ရယူနိုင်ခဲ့ဖူးပေမဲ့ ဘိုင်ယန်မြူးနစ်လိုတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ မဖြတ်သန်း ပြနိုင်ခဲ့ပါဘူး။ ဒီရာသီမှာရော အဲဒီလိုစွမ်းဆောင်နိုင်တဲ့အသင်း ရှိလာနိုင်ပါ့မလား။ လောလောဆယ် အုပ်စုအဆင့် ပွဲစဉ်(၃)ပွဲစီ ယှဉ်ပြိုင်ကစားအပြီးမှာတော့ ရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်း (၄)သင်းသာရှိပါတော့တယ်။ အဲဒီ(၄)သင်းထဲမှာ ဘိုင်ယန်မြူးနစ်လည်း ထပ်ပြီးပါဝင်နေပါတယ်။

 

Most Read

Most Recent