အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်၊ ကတိကဝတ်နှင့် သဘောတူညီချက်များကို နောင်တက်လာမည့်အစိုးရက ဆက်လက်အကောင်အထည်ဖော်ရကြောင်းနှင့် ရပ်တန့်နေသော စီမံကိန်းများ ပြန်လည်အကောင်အထည်ဖော်နေဟု နစကဥက္ကဋ္ဌ ပြောကြား      

အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်၊ ကတိကဝတ်နှင့် သဘောတူညီချက်များကို နောင်တက်လာမည့်အစိုးရက ဆက်လက်အကောင်အထည်ဖော်ရကြောင်းနှင့် ရပ်တန့်နေသော စီမံကိန်းများ ပြန်လည်အကောင်အထည်ဖော်နေဟု နစကဥက္ကဋ္ဌ ပြောကြား      
Published 3 November 2023

အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များကို နောင်တက်လာမည့် အစိုးရက ၎င်းတို့မူဝါဒနှင့် ကိုက်ညှိလျက် ဆက်လက်အကောင်အထည်ဖော်ရကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် စီမံကိန်းနှင့်လုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) တွင် နစကဥက္ကဋ္ဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက အစိုးရအဖွဲ့ဆိုသည်မှာ တိုင်းပြည်ကို တိုးတက်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီး ရာထူးများသည် နိုင်ငံရေးရာထူးများဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှချမှတ်ပေးသည့် မူဝါဒများ၏လုပ်ငန်းများကို အသေးစိတ်အ ကောင်အထည်ဖော်ရာတွင် အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်က အကောင်အထည် ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရများအနေဖြင့် ပြောင်းလဲသော်လည်း အစိုးရဝန်ထမ်းများမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အစိုးရသက်တမ်းတစ်ခုတွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းနှင့်လုပ်ငန်းများအားလုံးကို မှတ်တမ်းတင်ထားပြီး ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများက အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နောက်ထပ်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ မူဝါဒများနှင့်ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း ရှေ့အစိုးရ အဆက်ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်လုပ်ငန်းရပ်များ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့် ပတ်သက်သည့်စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များရှိမည်ဖြစ်ကြောင်း၊ ၎င်းကို နောက်တက်လာမည့် အစိုးရကလည်း ၎င်းတို့၏မူဝါဒနှင့်ကိုက် ညှိလျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း၊ ဆောင်ရွက်မှု ရှိ/မရှိဆိုသည်ကို တည်ဆဲအစိုးရက တာဝန်ယူ၊ တာဝန်ခံရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြီးခဲ့သည့်အစိုးရနှင့် အစိုးရအဆက်ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် ရပ်တန့်နေရသည့် စီမံကိန်းနှင့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့်လုပ်ငန်းရပ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ပြန်လည်စိစစ်၍ဆောင်ရွက်ရန်လိုကြောင်း၊ အချို့စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်မူဝါဒများနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရခြင်းများရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check၊ Recheck၊ Counter Check ဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို Check List များထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နှင့် နှီးနွယ်နေသည့်လုပ်ငန်းရပ်များ အောင်မြင်စေရေး လူတိုင်းတွင်တာဝန်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းများရှိရန်လည်းလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် စီမံကိန်းများကိုသာ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းကြောင်းကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနများအတွင်း ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းများခွင့်ပြုပေးခြင်းများနှင့်ပတ်သက်၍ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်မျဉ်းဥပဒေများကို ကျော်လွန်ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent