မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခြင်းသည် စိတ်မကောင်းစရာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခြင်းသည် စိတ်မကောင်းစရာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ပုံစာ-အောက်တိုဘာ ၃၁ ရက်က ဂျာကာတာမြို့တွင် ကျင်းပသော အာဆီယံမီဒီယာဖိုရမ်၌ မာဆူဒီ ဆွေးနွေးနေပုံကို တွေ့ရစဉ်။
ပုံစာ-အောက်တိုဘာ ၃၁ ရက်က ဂျာကာတာမြို့တွင် ကျင်းပသော အာဆီယံမီဒီယာဖိုရမ်၌ မာဆူဒီ ဆွေးနွေးနေပုံကို တွေ့ရစဉ်။
Published 2 November 2023
Ref.GMA News

မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခြင်းသည် စိတ်မကောင်းစရာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီက ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်က ဂျာကာတာတွင် ကျင်းပသော သတ္တမအကြိမ်မြောက် အာဆီယံမီဒီယာဖိုရမ်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ကမ္ဘာ့အခြားသော နေရာများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြားထဲ ဒေသတွင်း၌ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေးအတွက် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန်လိုအပ်နေသည်ဟု ရတ်တနိုမာဆူဒီက ထုတ်ဖော်ပြောကြားသည်။

“ဒေသတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်လောက် ငြိမ်းချမ်ရေးနဲ့တည်ငြိမ်မှုကို ကျွန်မတို့ရရှိခဲ့တဲ့အတွက် ကျွန်မတို့ ကျေးဇူးတင်သင့်ပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်တော့မှ လွယ်လွယ်လေးမရဘူးလို့ ကျွန်မထင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ကျွန်မတို့ စစ်မှန်စွာ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာဟာ အဆင်ပြေတာမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေတော့ အာဆီယံဟာ ငြိမ်းချမ်းရေးကို ထိန်းထားဖို့ ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်” ဟု မာဆူဒီက ပြောကြားသည်။

“အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်လာတာ၊ ပိုပြီး သွေးကွဲလာတဲ့ ကမ္ဘာ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်ပြဿနာတွေ၊ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ စတာတွေဟာ သိသာထင်ရှားနေပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အာဆီယံသည် မြန်မာ့အရေးကိုလည်း ရင်ဆိုင်နေရသည်ဟုဆိုသည်။ မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသော ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် များများစားစား တိုးတက်မှုမရှိသောကြောင့် စိတ်မကောင်းစရာဟု မာဆူဒီက ပြောကြားခဲ့သည်။

အာဆီယံသည် ပကတိပြည့်စုံကောင်းမွန်သော အဖွဲ့အစည်းမဟုတ်သည့်တိုုင် အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ထိန်းသိမ်းရာတွင် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နေသည်ဟု မာဆူဒီကဆိုသည်။

“အာဆီယံမရှိတဲ့ အရှေ့တောင်အာရှဒေသကို စိတ်ကူးကြည့်နိုင်သလား” ဟု ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးသတင်းများကို ပဋိပက္ခသတင်းများ၊ စစ်ပွဲသတင်းများလောက် ပြောဆိုမှု သို့မဟုတ် အများပြည်သူသိအောင် ဖော်ပြမှုမရှိတော့ခြင်းကို မာဆူဒီက ညည်းညူခဲ့သည်။

“တစ်ခါတစ်ရံ  အာဆီယံရဲ့အပြစ်အနာအဆာတွေဟာ အာဆီရဲ့အောင်မြင်မှုတွေထက် သတင်းခေါင်းစီးတွေမှာပိုပါနေပါတယ်။ ကျွန်မတို့က အာဆီယံ အဲဒါမျိုး ဖြစ်လာစေဖို့အတွက် ထားတာမဟုတ်ပါဘူး” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ဒါပေမဲ့ သေချာတာတစ်ခုကတော့ အာဆီယံဟာဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကြီးပွားချမ်းသာရေးတို့အတွက် သိသာထင်ရှားတာတွေကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အာဆီယံသည် အရှေ့တောင်အာရှကို ကြီးပွားတိုးတက်မှု၏ ဗဟိုချက်အဖြစ် ဆက်လက်ထိန်းသိမ်းထားရာတွင် အဓိကကျသာ အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။  

 

 

 

Most Read

Most Recent