ရန်လိုသည့် နိုင်ငံရေး

ရန်လိုသည့် နိုင်ငံရေး
Published 1 November 2023

“နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ပွဲဖြစ်ပြီး စစ်ပွဲဆိုတာ သွေးထွက်တဲ့ နိုင်ငံရေးပဲ”

မော်စီတုန်း (၁၈၉၃ - ၁၉၇၆)

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သူ

 

ရန်လိုသည့် ရည်ရွယ်ချက်ပေါ် အခြေခံလျက် မိမိ၏အတိုက်အခံအား မိမိဆန္ဒသို့ လိုက်ပါလာစေရန် နိုင်ငံရေးနည်းလမ်းများကိုအသုံးပြုခြင်းကို နိုင်ငံရေးစစ်ပွဲဟုခေါ်သည်။ ယင်းနေရာ၌ နိုင်ငံရေးဟူသည် အစိုးရတစ်ရပ်နှင့် ပစ်မှတ်တစ်ခုအကြား တွက်ချက်ထားသော အပြန်အလှန်လုပ်ဆောင်ချက်များကို ဆိုလိုသည်။ ပစ်မှတ်ဟူသည် အခြားနိုင်ငံ၏ အစိုးရ၊ စစ်တပ် သို့မဟုတ် အထွေထွေလူထုကြီးတစ်ရပ် ဖြစ်နိုင်သည်။ အတိုက်အခံတစ်ရပ်အပေါ် အသာစီးတစ်ရပ်ရရှိရေးအတွက် လုပ်ဆောင်ချက်အချို့နှင့်ပတ်သက်၍ အကျပ်ကိုင်ရန် အစိုးရအဖွဲ့များအနေဖြင့် နည်းစနစ်အမျိုးမျိုးကို အသုံးပြုလေ့ရှိသည်။ ယင်းနည်းစနစ်များ၌ ၀ါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတို့ ပါဝင်သည်။ ၀ါဒဖြန့်ချိရေး၌ အမြင်များစွာရှိပြီး ရန်လိုကာ အကျပ်ကိုင်သည့်သဘောဆောင်သော ရည်ရွယ်ချက်ပါဝင်သည်။ စိတ်ဓာတ်စစ်ဆင်ရေးများသည် မဟာဗျူဟာနှင့် နည်းဗျူဟာမြောက်သော စစ်ရေးရည် ရွယ်ချက်များအတွက်ဖြစ်ပြီး ရန်လိုသည့် စစ်တပ် သို့မဟုတ် အရပ်ဘက်လူထုအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။

နိုင်ငံရေးစစ်ပွဲ၏ အကျပ်ကိုင်သည့် သဘောသဘာဝသည် အတိုက်အခံ၏ နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် လူ့အဖွဲ့အစည်းဆိုင်ရာ စိတ်ဆန္ဒများကို အားနည်းအောင် သို့မဟုတ် ပျက်စီးသွားအောင်ပြုလုပ်ခြင်းဆီသို့ ဦးတည်သည်။ နိုင်ငံတော်၏အကျိုးစီးပွားတစ်ရပ်ကို ဦးစားပေးကာ အပြုအမူလမ်းကြောင်းတစ်ရပ်ကို ဖိအားပေးလုပ်ဆောင်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ နိုင်ငံရေးစစ်ပွဲကို အကြမ်းဖက်မှု၊ စီးပွားရေးအရ ဖိအားပေးမှု၊ အဖျက်အမှောင့်လုပ်ဆောင်မှု သို့မဟုတ် သံတမန်နည်းလမ်းများနှင့် ယှဉ်တွဲလုပ်ဆောင်ခြင်းမျိုးလည်းဖြစ်နိုင် သည်။ သို့သော်နိုင်ငံရေးစစ်ပွဲနှင့်ပတ်သက်၍ အဓိကရှုထောင့်မှာ စကားလုံးများ၊ ရုပ်ပုံများနှင့် စိတ်ကူးများ အသုံးပြုမှုဖြစ်သည်။ ယင်းအကျပ်ကိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သော ဖန်တီးမှု၊ ချမှတ်အကောင်အထည်ဖော်မှုနှင့် ဆက်လက်လုပ်ကိုင်မှုတို့သည် နိုင်ငံများအတွက် နိုင်ငံရေးပရိယာယ်နှင့်ပတ်သက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပို၍တိုက်ရိုက်ကျသည့် စစ်ရေးအရ အရေးယူမှုနေရာ၌ အစားထိုးလုပ်ဆောင်နိုင်ဖွယ်ရှိသည့် အလားအလာတစ်ရပ်လည်းဖြစ်သည်။ ဥပမာအားဖြင့် စီးပွားရေးပိတ်ဆို့မှု သို့မဟုတ် ကုန်သွယ်ရေးပိတ်ပင်မှုကဲ့သို့သော နည်းလမ်းများကို နိုင်ငံရေးအပြောင်းအလဲများပြုလုပ်ရေး ဖိအားပေးရန်အတွက် လိုအပ်သော စီးပွားရေးပျက်စီးမှုဖြင့် အခက်တွေ့ရန် ရည်ရွယ်သည်။ နိုင်ငံရေးစစ်ပွဲတွင် အသုံးပြုသည့်နည်းလမ်းများနှင့် နည်းစနစ်များသည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးအမြင်နှင့် ဖွဲ့စည်းပုံအပေါ်၌ မူတည်သည်။ ဆောင်ရွက်ချက်များသည် သက်ဆိုင်ရာနိုင်ငံက အာဏာရှင်နိုင်ငံလား၊ ဒီမိုကရေစီနိုင်ငံလားဟူသည်ကို မူတည်၍ ကွဲပြားခြားနားနိုင်သည်။

နိုင်ငံရေးစစ်ပွဲ၏ အဆုံးစွန်သော ပန်းတိုင်သည် စစ်အင်အား အသုံးပြုစရာမလိုဘဲ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွား အသာစီးရရှိရန်အတွက် အတိုက်အခံ၏ သဘောထားများနှင့်လုပ်ဆောင်ချက်များကို ပြောင်းလဲနိုင်စေရန်ဖြစ်သည်။ နိုင်ငံရေးစစ်ပွဲတွင် နောက်ထပ်နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်များရရှိစေရန်အတွက် အကြမ်းဖက်မှုအသုံးပြုခြင်းအား ရှောင်ရှားခြင်းမှတစ်ဆင့် အသက်များ မဆုံးရှုံးစေလိုသည့် လက်တွေ့ကျသော ရည်ရွယ်ချက်တစ်ရပ်ရှိသည်။ နိုင်ငံရေးစစ်ပွဲတွင် မိတ်ဆွေများအား ပျော်ရွှင်အားတက်အောင် ပြုလုပ်ခြင်းနှင့် ရန်သူများအား စိတ်ပျက်အားလျော့အောင် ပြုလုပ်ခြင်းဆိုင်ရာ အနုပညာတစ်ရပ်လည်း ပါဝင်သည်။ ဤနည်းဖြင့် တစ်စုံတစ်ရာသော အကြောင်းအရာအတွက် အကူအညီများရရှိနိုင်ပြီး ရန်သူအား အထီးကျန်အောင် ၀ိုင်းဝန်းပစ်ပယ်မှု ပြုလုပ်စေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးစစ်ပွဲ၌ အကျိုးဆက်အဖြစ် လူ့အသက်များဆုံးရှုံးရမှု မပါဝင်သောကြောင့် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ဆိုသော်လည်း တကယ့်စစ်ပွဲကဲ့သို့ပင် ရန်လိုသည့်ရည်ရွယ်ချက်ပါဝင်သောကြောင့် နိုင်ငံရေးစစ်ပွဲများဆင်နွှဲခြင်းဖြင့်လည်း စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent