အောက်တိုဘာ ၃၀ ရက်က ပြင်သစ်နိုင်ငံ$ ပြုလုပ်ခဲ့သော Ballon d'Or ဆုပေးပွဲ အခမ်းအနားတွင် စံချိန်တင် ရှစ်ကြိမ်မြောက် ရရှိခဲ့သည့် အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီက ယခုရခြင်းမှာ ကမ္ဘာ့ဖလားအောင်မြင်မှု ကြောင့်ဟု ဝန်ခံခဲ့သည်။
Ballon d'Or ဆုကို ကမ္ဘာတစ်ဝန်းရှိ ဂျာနယ်လစ် ၁၀၀ ဦးမှ မဲပေး ခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ဆုပေးပွဲမတိုင်မီကတည်း က ကြိုတင်ရေပန်းစားခဲ့သည့်အတိုင်း ၂၀၂၃ ခုနှစ်အတွက် Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်များကလည်း အဆိုပါဆုကို ရရှိထားခဲ့သည်။
အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်သူ မက်ဆီက "ဒီဆုရရှိတဲ့ သာယာကြည်နူးစရာ အခိုက်အတန့်ကို တစ်ကြိမ်မကရရှိတာဟာ ချိုမြိန်စရာပါပဲ။ ကျွန်တော့်ရဲ့အိပ်မက် အထမြောက်စေခဲ့တဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုကြောင့်လည်း ဒီဆုရတာ ဖြစ်နိုင်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝ၊ ရရှိပြီးတဲ့ အောင်မြင်မှုတိုင်းနဲ့ သမိုင်းမှာ အကောင်းဆုံး အသင်းရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ကံကြမ္မာတွေက စိတ်ကူးနဲ့ ဘယ်လိုမှ ကြိုတင်မှန်းဆလို့မရတဲ့ အရာတွေပါပဲ။ Ballon d'Or ဆု အားလုံးဟာ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့အတူ ထူးခြားပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် မက်ဆီသည် အောက်တိုဘာ ၃၀ ရက် တွင် ကျရောက်သည့် ကွယ်လွန်သူ အာဂျင်တီးနားဘောလုံးဂန္ထဝင် မာရာဒိုနာ၏ ၆၃ နှစ် မြောက်မွေးနေ့အတွက်လည်း ဆုတောင်းစကား ဆိုခဲ့သည်။ "ကျွန်တော် ဒီနေ့မှာ ဒီယေဂို (မာရာဒိုနာ)ကို ရည်ညွှန်းလိုပါတယ်။ သူ ဆန္ဒရှိတဲ့အတိုင်း ဘောလုံးကိုချစ်တဲ့လူတွေ များစွာရှိတဲ့ ဒီပတ်ဝန်းကျင်မှာ သူ့အတွက် မွေးနေ့ဆုတောင်းလုပ်ရတာလောက် ကောင်းတာမရှိပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ခင်ဗျားဟာ ဒီယေဂိုပါပဲ။ ဒီအောင်မြင်မှုက ခင်ဗျားအတွက်ပါပဲ"ဟု မက်ဆီက ဆိုခဲ့သည်။















