ဂျာမနီတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ဗုံးကြီးကြောင့် လူပေါင်း ၅၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဂျာမနီတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ဗုံးကြီးကြောင့် လူပေါင်း ၅၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
Published 26 December 2016

ဂျာမနီနိုင်ငံတွင် ဒုတိယကမ္ဘာစစ် အတွင်းက မပေါက်ကွဲသေးသော ဗြိတိန်တို့၏ ဗုံးတစ်လုံးကြောင့် ခရစ္စမတ်နေ့က လူပေါင်း ၅၄၀၀၀ ကျော်နေအိမ်မှ ရွှေ့ပြောင်းခဲ့ရသည်။ ယင်းဖြစ်စဉ်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း ဂျာမနီနိုင်ငံတွင် အကြီးမားဆုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုကြီး ဖြစ်ခဲ့သည်။
နိုင်ငံတောင်ပိုင်း အော့စ်ဘတ်မြို့တွင် ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်သည် ၁၁ နာရီ ကြာမြင့်ခဲ့ပြီး ရဲဝန်ထမ်းပေါင်း ၉၀၀ ကျော် ပါဝင်ခဲ့ကြရသည်။ ၁ ဒသမ ၈ တန်လေးသော ထိုဗုံးကြီးကို ဘာဗာရီယန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ဒီဇင်ဘာ ၂၀ ရက်ကတည်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် အာဏာပိုင်များက ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် အတတ်ပညာရှင်များနှင့် ပူးပေါင်းရန် ဒီဇင်ဘာ ၂၅ ရက်အထိ စောင့်ခဲ့ကြသည်။ မီဂါဗုံးဟု ခေါ်ကြသော နှစ်မီတာ ဝန်းကျင်ရှည်သည့် ထိုဗုံးကြီးကို ကျွမ်းကျင်ပညာရှင် နှစ်ဦးက စနက်တံဖြုတ်နိုင်ခဲ့သည်။ ဗုံးကို စနက်တံမဖြုတ်မီတွင် အနီးတစ်ဝိုက်ရှိ နေအိမ်များထဲ၌ လူများကျန် မကျန်ကို ရဲများက တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကတည်းက ဖြစ်သော်လည်း နာဇီဂျာမနီ ကို မဟာမိတ်အုပ်စုများ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ၏ အမွေအနှစ်များအဖြစ် ဂျာမနီနိုင်ငံတွင် မြေအောက်၌ နစ်မြုပ်နေသည့် ဗုံးများကို တွေ့ရှိနေသည်မှာ ပုံမှန်ဖြစ်စဉ် တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဂျာမနီနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ဘာဗာရီယန်သည် စစ်အတွင်းက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။ ဂျာမနီ အာဏာပိုင်များ၏ ခန့်မှန်းချက်အရ ဘာလင်မြို့တော် တစ်ခုတည်းမှာပင် ဗုံးပေါင်း ၃၀၀၀ ကျော် နစ်မြုပ်နေဖွယ် ရှိနေသေးသည်။
ဂျာမနီတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွင်း မြေတူးနေစဉ် ဗုံးများကို မကြာခဏ တွေ့ရလေ့ရှိသည်။
ယခုဖြစ်စဉ်မတိုင်မီ မပေါက်ကွဲသေးသော ဗုံးကို စနက်တံဖြုတ်သည့် လုပ်ငန်းစဉ်ကြောင့် အကြီးမားဆုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုကြီးသည် ၂၀၁၁ ခုနှစ်ဒီ ဇင်ဘာလက ကိုဘလန့်ဇ်တွင် ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ် အတွင်းက လူပေါင်း ၄၅ç၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။     
Ref : AFP

Most Read

Most Recent