အိမ်အကူ မိန်းကလေးငယ် နှစ်ဦး နှိပ်စက် ညှဉ်းပန်းခံရမှုနှင့်အတူ ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင် အမှု

အိမ်အကူ မိန်းကလေးငယ် နှစ်ဦး နှိပ်စက် ညှဉ်းပန်းခံရမှုနှင့်အတူ ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင် အမှု
Published 25 December 2016
သက်မင်း

၂၀၁၆ ခုနှစ်အတွင်း လူအများ စိတ်ဝင်စားကြပြီး ဟိုးလေးတကျော် ဖြစ်ခဲ့သော ထင်ရှားသည့် သတင်းတစ်ပုဒ်မှာ အင်း၀ အပ်ချုပ်ဆိုင်တွင် နှိပ်စက် ညှဉ်းပန်းခံရသော အိမ်အကူ မိန်းကလေးငယ် နှစ်ဦး၏ သတင်းပင် ဖြစ်ပါသည်။
အသက် ၁၇ နှစ်အရွယ် မိန်းကလေး မစန်းကေခိုင်နှင့် အသက် ၁၆ နှစ်အရွယ် မသဇင်တို့မှာ လွန်ခဲ့သည့် ငါးနှစ်ခန့် ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ယင်းကာလအတွင်း မစန်းကေခိုင်၏ လက်ချောင်း ၁၀ ချောင်းလုံးမှ လက်ဆစ်များကို ရိုက်ချိုးခြင်း၊ မျက်နှာ၊ လက်ဖျံနှင့် လည်ပင်းတို့ကို ဓားဖြင့်မွှန်းခြင်း၊ မသဇင်၏ နှာခေါင်းကို ဓားဖြင့်လှီးခြင်း စသည့် နှိပ်စက်မှုများ ပြုလုပ်ခံခဲ့ရသူများဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၎င်းတို့၏ လုပ်အားခများ ရရှိခြင်း မရှိတော့ပေ။
ယင်းသတင်းကို ကျောက်တံတား ရဲစခန်းသို့ ပထမဆုံး သတင်းပေး တိုင်ကြားသူမှာ Myanmar Now သတင်းဌာနမှ သတင်းထောက် ကိုဆွေဝင်းဖြစ်ပြီး ၎င်း၏ စွမ်းဆောင်မှုကြောင့်ပင် ငါးနှစ်နီးပါး နှိပ်စက်ခံခဲ့ရသော အိမ်အကူ မိန်းကလေးငယ် နှစ်ဦး၏ အမှုမှန် ပေါ်ပေါက်ခြင်းဟု ဆိုရမည်ဖြစ်သည်။
အိမ်အကူ မိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံရမှုကို လွန်ခဲ့သည့် ခုနစ်လခန့်မှ စတင်၍ ကိုဆွေဝင်းက သိရှိခြင်းဖြစ်ပြီး သိသိချင်း ကျောက်တံတား ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။ သို့ရာတွင် ထူးခြားမှု မရှိသဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ထပ်မံ တိုင်တန်းခဲ့သည်။ နှိပ်စက်ခံရသည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိန်းကလေးငယ်နှစ်ဦး၏ အရေးကို ရဲစခန်းသို့ စတင်တိုင်တန်းခဲ့သူ ကိုဆွေဝင်းတို့ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာ လူ့အခွင့်အရေး ကော်မရှင်မှ ဦးဇော်ဝင်း ဦးဆောင်သော အဖွဲ့က ကြီးလေးသော၊ ရာဇဝတ်မှုထိုက်သော အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစုများ၏ လုပ်ရပ်များကို လျစ်လျူရှုကာ လျော်ကြေးယူပြီး ကျေအေးပေးရန် မိန်းကလေးငယ် နှစ်ဦး၏ မိဘများအား တိုက်တွန်းခဲ့ရာ ၎င်းတို့၏ တိုက်တွန်းမှုကြောင့် နှိပ်စက်ခံရသော မိန်းကလေးငယ် နှစ်ဦး၏ မိဘများမှာ မစန်းကေခိုင်အတွက် ကျပ်သိန်း ၄၀၊ မသဇင်အတွက် ၁၀ သိန်းယူပြီး ကျေအေးခဲ့ရသည်။
ယင်းဖြစ်ရပ်ကို သတင်းမီဒီယာများတွင် ဖော်ပြရာမှတစ်ဆင့် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် အချို့နှင့် အင်းဝအပ်ချုပ်ဆိုင်ရှင်များ၏ လုပ်ရပ်များကို ပြည်သူများက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုက လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် အချို့ကို အရေးယူသင့်ကြောင်း အဆိုကို လွှတ်တော်တွင် တင်ပြခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများ၊ ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ အောက်တိုဘာလတွင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း အပါအဝင် အဖွဲ့ဝင်လေးဦး နုတ်ထွက်ခဲ့သည်။
လက်ရှိ အချိန်တွင် အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစုဝင်များသည် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများ၊ ကလေးသူငယ် ဥပဒေပုဒ်မများ၊ ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရသော မစန်းကေခိုင်နှင့် မသဇင်တို့၏ ကျန်းမာရေး အခြေအနေမှာလည်း တိုးတက် ကောင်းမွန်လာပြီ ဖြစ်သည်ဟု သိရသည်။
၂၀၁၆ ခုနှစ်အတွင်း အင်းဝအပ်ချုပ်ဆိုင် အမှုကဲ့သို့ အိမ်အကူ နှိပ်စက်ညှဉ်းပန်းခံရသည့် အမှုများစွာ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ အနာဂတ်ဖြစ်သည့် များစွာသော ကလေးငယ်များသည် အိမ်အကူအဖြစ် တစ်မျိုး၊ လမ်းဘေးတွင် အလှူခံနေခြင်းဖြင့် တစ်ဖုံ ဘဝကို ရုန်းကန်နေကြရသည်။ ရွယ်တူတန်းတူများ စာသင်ခန်းထဲတွင် စာသင်ကြားနေချိန်တွင် မိသားစု ဝမ်းရေးအတွက် ဖြစ်စေ၊ တစ်ဝမ်းတစ်ခါးအတွက် ဖြစ်စေ မတူညီသော ဘဝများကို ဖြတ်သန်းနေကြရရှာသည်။ ကုန်လွန်တော့မည်ဖြစ်သော ၂၀၁၆ ခုနှစ်နှင့် အတိတ်ကာလ များစွာတွင် ထိုကဲ့သို့သော ကလေးငယ်များမှာ အာမခံချက် မရှိသော ဘဝများစွာကို ဖြတ်သန်းခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင်လည်း ထိုကဲ့သို့သော ကလေးငယ်များ မရှိမဟုတ်၊ ရှိနေဦးမည်ဖြစ်သည်။ သို့သော် လျော့နည်းစေချင်သည်။ လျော့နည်းရာမှ ပပျောက်သည်အထိ မြင်ချင်ပါသည်။ ထိုသည်ကား အစိုးရသစ်၏ ကလေးငယ်များအပေါ် ပြုစုပျိုးထောင်ပေးနိုင်မှု မူဝါဒ ချမှတ်မှုနှင့် ဆိုင်ပြီး လမ်းဘေးကလေးငယ်များ၊ အိမ်အကူ ကလေးငယ်များ စာသင်ခန်းထဲသို့ရောက်အောင် အစိုးရသစ် အနေဖြင့် ကြိုးပမ်းနိုင်မည်ဟု ယုံကြည်လိုက်ရပါသည်။   

Most Read

Most Recent