ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ကိုင်တွယ်ခွင့်ရခဲ့သည့် မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး

ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ကိုင်တွယ်ခွင့်ရခဲ့သည့် မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး
Published 25 December 2016

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာ့ဘောလုံးဒိုင်လူကြီး လောကအတွက် ဂုဏ်တက်စရာ သတင်းမှာ ၂၀၁၆ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ပါပူအာနယူးဂီနီနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၆ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ မြန်မာဒိုင်လူကြီးများသည် အမြင့်ဆုံးအဖြစ် အိုလံပစ်ပြိုင်ပွဲတွင်သာ တာဝန် ထမ်းဆောင်ခဲ့ဖူးသော်လည်း ဒေါ်သိန်းသိန်းအေးသည် မြန်မာဒိုင်လူကြီးများအနက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခွင့်ရသည့် ဒိုင်လူကြီး ဖြစ်လာသောကြောင့် ၂၀၁၆ ခုနှစ်၏ အားကစား ထင်ရှားကျော်ကြားကဏ္ဏတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်သိန်းသိန်းအေးသည် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များအနက် အိမ်ရှင် ပါပူအာနယူးဂီနီ အသင်းနှင့် ဆွီဒင်အသင်းတို့ပွဲကိုသာ ကိုင်တွယ်ခဲ့ရသော်လည်း မြန်မာ့ဘောလုံးလောကနှင့် ဒိုင်လူကြီး လောကအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ ဒေါ်သိန်းသိန်းအေးသည် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့်မရမီ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၆ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့သောကြောင့် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ကိုင်တွယ်ခွင့်ရခဲ့သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ဆုံးဖြတ်ချက် အမှားများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာဒိုင်လူကြီးများအတွက် ဒေါ်သိန်းသိန်းအေး ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရခဲ့ခြင်းမှာ ဂုဏ်ယူစရာ ကောင်းသလို အခြားဒိုင်လူကြီးများ အတွက်လည်း နမူနာယူစရာ တစ်ခုဖြစ်ခဲ့သည်။

Most Read

Most Recent