ပြီးခဲ့သည့် နှစ်အနည်းငယ် ကတည်းက ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပနိုင်ခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် အမျိုးသမီးပြိုင်ပွဲအဖြစ် ယခင်က ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စသည့် ပြိုင်ပွဲများသာ ကျင်းပနိုင်ခဲ့ရာမှ ယခုနှစ်တွင် ဆီမီးပရိုစနစ်ဖြင့် ကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး ကျင်းပနိုင်ခဲ့ပြီး အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ်၏ အားကစားထင်ရှား ကျော်ကြားကဏ္ဏတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။
ပထမဆုံး ကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းခုနစ်သင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ပုဂ္ဂလိကတစ်သင်းနှင့် ဝန်ကြီးဌာန အသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။ ၂၀၁၆-၂၀၁၇ ရာသီ အမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ဇွဲကပင်၊ အားကစားနှင့် ပညာရေး၊ မြဝတီ၊ ဂန္ဓမာ၊ သစ္စာအားမာန်၊ အား/ကာ သိပ္ပံနှင့် ပညာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ် (၁) အပြီးတွင် ရပ်နားထားကာ ဧပြီတွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံ ဘောလုံးလောကတွင် ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့်အတူ ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ခဲ့သော်လည်း ပြည်တွင်းပြိုင်ပွဲများ မကျင်းပနိုင်မှုကြောင့် ကစားသမားများ၏ တိုးတက်မှုနှုန်းမှာ နှေးကွေးလာခဲ့ရာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ချန်ပီယံဆု ရယူနိုင်ခြင်း မရှိတော့ပေ။ အာဆီယံ အမျိုးသမီး ဘောလုံးလောကတွင် မြန်မာအမျိုးသမီးအသင်း အောင်မြင်မှု ရယူနိုင်ရန်အတွက် ယခုလအတွင်း စတင်ကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။









