ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ မြန်မာနိုင်ငံတွင် လူကြိုက်များလာသည့် ဘက်စုံကိုယ်ခံ ပညာသုံး MMA ပြိုင်ပွဲ

ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ မြန်မာနိုင်ငံတွင် လူကြိုက်များလာသည့် ဘက်စုံကိုယ်ခံ ပညာသုံး MMA ပြိုင်ပွဲ
Published 25 December 2016

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကချင်တိုင်းရင်းသား အောင်လအန်ဆန် လာရောက် ယှဉ်ပြိုင်ခြင်းနှင့်အတူ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး အားပေးမှု စံချိန်တင်ခဲ့သည်။ အမေရိကန်နိုင်ငံ၌ နေထိုင်ပြီး MMA အားကစားနည်းဖြင့် အောင်မြင်မှုရလာသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်၏ နိုင်ပွဲများနှင့်အတူ ပရိသတ် အားပေးမှုများ ပြားလာသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်အတွက် အားကစား ထင်ရှားကျော်ကြားကဏ္ဏတွင် ထည့်သွင်း ဖော်ပြလိုက်ပါသည်။
ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပစဉ်က နိုင်ငံခြားသား ကစားသမားများနှင့် ပြည်တွင်းကစားသမားအချို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် မြန်မာကစားသမားများမှာ MMA ကစားနည်းကို ကျွမ်းကျင်စွာ ကစားနိုင်ခြင်း မရှိသောကြောင့် ပရိသတ် အားပေးမှု ထင်သလောက် မများခဲ့ပေ။ ယခုနှစ်တွင် MMA ပြိုင်ပွဲကို တိုးချဲ့ကျင်းပလာနိုင်ခဲ့ပြီး မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာတွင် တစ်ကြိမ် ကျင်းပခဲ့သည်။ ယင်းနှစ်ကြိမ်စလုံးတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ် လက်ခုပ်သံများနှင့်အတူ နိုင်ပွဲများ ရယူနိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် မွေးဖွားခဲ့သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံ၌ ပညာသင်ကြားရင်းမှ MMA ကစားနည်းကို လေ့လာလိုက်စားခဲ့ပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်ရာမှ နာမည်ကျော်ကြားလာသူ ဖြစ်သည်။ မတ်လက ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် လာရောက် ထိုးသတ်ခဲ့ပြီး အီဂျစ်နိုင်ငံသား မိုဟာမက်အလီနှင့် ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်သည် ယင်းပွဲတွင် ၎င်း၏ နာမည်ကျော် ချုပ်ကွက်ဖြင့် မိုဟာမက်အလီကို ပထမအချီမှာပင် အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ထိုးသတ်သည့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့သလို ပရိသတ် စိတ်ဝင်စားမှုမှာလည်း မြင့်တက်ခဲ့သောကြောင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများသည် အောက်တိုဘာတွင် နောက်တစ်ကြိမ် ထပ်မံကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲတွင်လည်း ပြည်တွင်းကစားသမားများအပြင် နာမည်ကြီးကစားသမား အောင်လအန်ဆန်လည်း လာရောက် ယှဉ်ပြိုင်ခဲ့သည်။ ယခုအကြိမ်တွင် အောင်လအန်ဆန်သည် ပိုလန်နိုင်ငံသား ပတ်စတာနက်ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၎င်း၏ ထိုးသတ်ပုံ မာကျောခြင်းကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည်။ အောင်လအန်ဆန်၏ နာမည်ကျော် ချုပ်ကွက်ကို ပတ်စတာနက်ခ်က ထိန်းချုပ်နိုင်ခဲ့သလို ပတ်စတာနက်ခ် အလဲမထိုးနိုင်ရန်လည်း အောင်လအန်ဆန်က အချီပြည့်သည်အထိ ထိုးသတ်နိုင်ခဲ့သည်။ အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အောင်လအန်ဆန်မှာ နိုင်ပွဲထပ်မံ ရယူနိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ယင်းပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ချန်ပီယံကစားသမား အပြောင်းအလဲကြောင့် ထိုးသတ်ခွင့်မရခဲ့ပေ။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ ထိုးသတ်ခဲ့သည့် ပြိုင်ပွဲနှစ်ခုကြား ဇူလိုင်လဆန်းပိုင်းတွင် တရုတ်နိုင်ငံ၌ တစ်ပွဲထိုးသတ်ခဲ့ရာ အလဲထိုး အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင်  ပြိုင်ပွဲများ လာရောက်ထိုးသတ်ရင်းမှ လူမှုရေး လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ပြီး မိဘမဲ့ကလေးများနှင့် တွေ့ဆုံကာ ဂိမ်းစ်အစီအစဉ်များတွင် ပါဝင်ကစားခဲ့သည်။
အောင်လအန်ဆန်နှင့်အတူ မြန်မာနိုင်ငံတွင် နာမည်ကြီးလာသည့် MMA ပြိုင်ပွဲသည် နှစ်စဉ်ကျင်းပမည့် ပြိုင်ပွဲဖြစ်လာတော့မည်ဖြစ်ပြီး လာမည့်နှစ်တွင် ပြိုင်ပွဲနှစ်ခု ကျင်းပရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ ခမ်းနားသည့် အပြင်အဆင်၊ အစီအစဉ် တင်ဆက်မှု ကောင်းမွန်ခြင်းတို့အပြင် ကိုယ်ခံပညာအားလုံး ပေါင်းစပ်ပြီး ယှဉ်ပြိုင်ထိုးသတ်ရသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲမှာ မြန်မာအားကစား ပရိသတ်များအကြား ရေပန်းစားနေသည့် ပြိုင်ပွဲဖြစ်နေသောကြောင့် ထင်ရှားကျော်ကြား အားကစားပြိုင်ပွဲအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent