အသင်းဖျက်သိမ်းမှုများနှင့် MNL ပြိုင်ပွဲ အနာဂတ်

အသင်းဖျက်သိမ်းမှုများနှင့် MNL ပြိုင်ပွဲ အနာဂတ်
Published 25 December 2016

၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် MNL လိဂ်ပြိုင်ပွဲသည် ၂၀၁၆ ရာသီတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ရာသီပိတ်သိမ်းခါနီးတွင် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ MNL လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့သော ဇေယျာရွှေမြေ အသင်းနှင့် မနောမြေအသင်းတို့ ဖျက်သိမ်းခဲ့သောကြောင့် MNL လိဂ်ပြိုင်ပွဲ မှာ ရေရှည်ဆက်လက် ရပ်တည်နိုင်မလားဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် အသင်းဖျက်သိမ်းမှုများ ရှိခဲ့သော်လည်း ဆက်လက် ကျင်းပနိုင်ရန် ကြိုးပမ်းနိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြားကဏ္ဏတွင် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေအသင်းသည် အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် မုံရွာဘောလုံးကွင်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြည်သူပိုင်အဖြစ် ပြန်လည်အပ်နှံရန် တောင်းဆိုရာမှ တစ်ဆင့် ကွင်းနှင့် အသင်းကိုပါ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေအသင်းမှာ ပထမတန်းတွင် ချန်ပီယံဆုရယူပြီး တန်းပြန်တက်ခွင့် ရခဲ့သော်လည်း ဘတ်ဂျက် အနေအထားကြောင့် အသင်းပြန်လည် အပ်နှံခဲ့သည်။ ယခင်က အသင်းပိုင်ရှင်အချို့ အသင်းပြန်အပ်နှံမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ အသင်းနှစ်သင်းစလုံး ဖျက်သိမ်းပြီး ပြန်လည်အပ်နှံခဲ့ခြင်းမှာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတွင် ပထမဆုံး ဖြစ်လာခဲ့သည်။ MNL ပြိုင်ပွဲ စတင်ကျင်းပစဉ်က ပရိသတ်များ ကွင်းလုံးပြည့် အားပေးပြီး စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသည့် ပြိုင်ပွဲများတွင် ပရိသတ်များ အားပေးမှု လျော့ကျလာသလို၊ ကလပ်အသင်းများမှာ ဝင်ငွေမရှိဘဲ အသင်းပိုင်ရှင် တစ်ဦးတည်း၏ ငွေကြေးသုံးစွဲနိုင်မှုအပေါ် မှီခိုနေရသည်။ စပွန်ဆာဝင်ငွေမရှိ၊ ကွင်းဝင်ကြေး မရှိသည့်ကြားမှ ကိုယ်ပိုင်ငွေကြေးများကို စိုက်ထုတ်ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဖြစ်မြောက်ရန် ကြိုးပမ်း ဆောင်ရွက်ပေးနေသည့် အသင်းပိုင်ရှင်များကိုလည်း အသိအမှတ် ပြုရမည်ဖြစ်သည်။ MNL ပြိုင်ပွဲကို လာမည့်နှစ်တွင် ကိုးရာသီမြောက်အဖြစ် ကျင်းပတော့မည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲ ပိုမိုတိုးတက် အောင်မြင်လာစေရန် အားလုံးပူးပေါင်း လုပ်ဆောင်ရန် လိုအပ်နေသည်။

Most Read

Most Recent