တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု ရပ်ဆိုင်းခြင်း၊ တယ်လီဖုန်းခွန် စတင်ကောက်ခံလာတဲ့ ကြားက လျော့နည်းနေတဲ့ အခွန်နဲ့ ကျပ်သိန်း ၆၀၀ က စတဲ့ ရတနာနှင်းဆီ

တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု ရပ်ဆိုင်းခြင်း၊ တယ်လီဖုန်းခွန် စတင်ကောက်ခံလာတဲ့ ကြားက လျော့နည်းနေတဲ့ အခွန်နဲ့ ကျပ်သိန်း ၆၀၀ က စတဲ့ ရတနာနှင်းဆီ
Published 25 December 2016
ဖြိုးဝေ

ဒေါ်လာဈေး အလှုပ်အခတ် ဖြစ်တိုင်း လက်ညှိုးထိုးခံရတဲ့ တရားဝင် လုပ်ငန်းတွေထဲမှာ အပါအဝင် တစ်ခုဖြစ်တဲ့ မော်တော်ကား တင်သွင်းမှုမှာ လက်ရှိဆိုရင် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှုတွေကို ရပ်ဆိုင်းလိုက်ပြန်တာနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတကနေ အဆင့်မြင့်အိမ်ရာ ဖြစ်သွားပြီး တိုက်ခန်း တစ်ခန်းကို သိန်း ၆၀၀ က စတင်ရောင်းချလာတဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စတာတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ဖော်ပြလိုပါတယ်။ 
■ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု ရပ်ဆိုင်းခြင်း၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားတာကို ရပ်ဆိုင်းခဲ့ပြီး ကြိုတင်တိုကင် ရရှိထားတဲ့ သူတွေကိုလည်း ပါမစ်လျှောက်ခွင့် ပေးတော့မှာ မဟုတ်ဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။    ၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် လျှောက်ထားရာမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်)၊ အိမ်ထောင်စု ဇယားတွေနဲ့ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားဖို့ သတ်မှတ်ပြီး တင်သွင်းခွင့် ပြုခဲ့ပေမယ့် ကိုယ်တိုင် အသုံးပြုဖို့ မဟုတ်ဘဲ အချို့ကုမ္ပဏီ၊ ပွဲစားတွေက နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု၊ အိမ်ထောင်စုဇယား အတုတွေ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားနဲ့ အိမ်ထောင်စု ဇယားတွေ ငှားပြီး ကျေးရွာတွေနဲ့ ဆင်ခြေဖုံးနေသူတွေကို (ကိုယ်စားလှယ် အမည်ခံ ပုဂ္ဂိုလ်များ) ကို အခကြေးငွေပေး၊ ငှားရမ်းခနဲ့ နေ့တွက်စရိတ်ပေး ခေါ်ယူပြီး တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် လျှောက်ထားရယူတာတွေ လုပ်နေတာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ ပါမစ်ထုတ်ပေးခြင်း ရပ်ဆိုင်းခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တုန်းက ထုတ်ပေးထားတဲ့ ကြိုတင်တိုကင် လက်ဝယ်ရှိသူတွေကိုပါ လူတွေ့စစ်ဆေးမှု မပြုတော့ဘဲနဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ ကြိုတင်တိုကင် ရှိသူတွေကိုပါ ပါမစ် ထုတ်ပေးတော့မှာ မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဖို့အတွက် ကြိုးပမ်းရာမှာ ယာဉ်တင်သွင်းမှုကို လျှော့ချဖို့အရေး ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ လျှော့ချမယ် ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ယာဉ်ပျံ့နှံ့မှုကို ကြည့်ချိန်မှာ တင်သွင်းလာသမျှ ကားတွေ အားလုံးက ရန်ကုန်မှာပဲ ရာခိုင်နှုန်း ၈၀ လောက် ရှိနေပြီး ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နည်းပါးနေလို့ ရန်ကုန်ရဲ့ ယာဉ်တင်သွင်းမှုကို တင်းကျပ်ဖို့ ဦးတည်ခဲ့ပေမယ့် အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ အရင်အစိုးရ လက်ထက်မှာ မကြာခဏပြောင်းတဲ့ ယာဉ်တင်သွင်းခွင့် မူဝါဒဟာ လက်ရှိ အစိုးရ လက်ထက်မှာလည်း မတည်မငြိမ်နဲ့ ရှေ့ဆက်နေဆဲဖြစ်ပြီး လတ်တလောမှာ ဆိုရင်တော့ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု ရပ်ဆိုင်းခြင်းနဲ့ အတူ အခြေခံ လူတန်းစားထဲမှာ ကျပ်သိန်း ၁၀၀ တန် ကားလောက် ဝယ်စီးနိုင်သူတွေအတွက် ဈေးနှုန်း မြင့်တက်မှုနဲ့အတူ ကားစီးနိုင်ရေး အိပ်မက် လွင့်ပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်း ယာဉ်တင်သွင်းမှု ရပ်ဆိုင်းတာကြောင့် ဒေါ်လာဈေး ပြန်လည်ကျဆင်းတာလို့ ဆိုကြပေမယ့် ယာဉ်တင်သွင်းမှုဟာ တစ်နှစ်ထက်တစ်နှစ် လျော့ကျနေပြီး လက်ရှိ ဘဏ္ဍာနှစ်မှာ အနည်းဆုံး ဖြစ်နေပြီ ဆိုတာကို ချင့်ချိန်တွေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 
■ တယ်လီဖုန်းခွန် ကောက်ခံလာတဲ့ကြားက လျော့ကျနေတဲ့ အခွန်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အခွန်အကောက် ရငွေအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာ တစ်နှစ်လုံး ရည်မှန်းချက်ဖြစ်တဲ့ ကျပ် ၅၁၄၃ ဒသမ ၀၇၄ ဘီလျံရဲ့ ၃၇ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရရှိထားပြီး ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် အခွန်ရငွေ လျော့ကျခဲ့တာကို တွေ့ရှိနေရပါတယ်။ တကယ်ဆိုရင် တစ်လကို ကျပ် ၆ ဒသမ ၅ ဘီလျံလောက် ပုံမှန် ရရှိလာတဲ့ တယ်လီဖုန်းခွန်ဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အခွန်တိုးမြှင့် ရရှိရေး ကြိုးပမ်းမှု ဖြစ်ပေမယ့် ပြည်သူနဲ့ လွှတ်တော်ရဲ့ ကန့်ကွက်မှုကြောင့် လက်ရှိ ဘဏ္ဍာနှစ်မှာသာ အခွန်ကောက်ခံခဲ့ရပြီး အရင်အစိုးရရဲ့ ကြိုးပမ်းမှု အသီးအပွင့်ကို လက်ရှိ အစိုးရက အဆင်သင့် အခွန်ကောက်ခံနိုင်နေတာ ဖြစ်ပါတယ်။ ဒီလို တယ်လီဖုန်းခွန် ပါဝင်လာချိန်မှာ ရသင့်ရထိုက်တဲ့ အခွန်တွေက ပိုမိုလာရမယ့်အစား အရင်နှစ်ကထက်တောင် လျော့ကျလာတာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီလို အခြေအနေ အတွက်တော့ ကျန်တဲ့ ဒုတိယ ခြောက်လပတ်မှာ ဖိဖိစီးစီး ကောက်ခံမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ 
■ ကျပ်သိန်း ၆၀၀ ကနေ ၁၂၀၀ အထိ ရောင်းမယ့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာကျပ် ၈၀၀၀၀ ပဲ ဝင်ငွေရတဲ့ ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး ချခဲ့တဲ့ အိမ်ရာစီမံကိန်း တစ်ခုဟာ လက်ရှိမှာ ကျပ်သိန်း ၆၀၀ ကနေ ၁၂၀၀ အထိ ရောင်းချမယ်ဆိုတဲ့ ရတနာနှင်းဆီ အိမ်ရာစီမံကိန်းပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ တန်ဖိုးမျှတ ဆိုတဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းက ထွက်ပေါ်လာတဲ့ ကနဦး အသီးအပွင့် ဖြစ်ပါတယ်။ မြို့စွန်မှာ ရှိနေတာ၊ သွားရလာရ ခက်တာ၊ မြို့တွင်း မြို့နယ်တွေမှာတောင်မှ သိန်း ၃၀၀ လောက်ပဲ တိုက်ခန်းတစ်ခန်း တန်ဖိုးရှိတော့ချိန်မှာ ရတနာနှင်းဆီ အိမ်ရာစီမံကိန်းဟာ ဈေးနှုန်းများပြားမှုကြောင့် အဝေဖန် ခံနေရသလို နေအိမ်တိုက်ခန်းတွေကလည်း ရောင်းချရမှု နည်းပါးနေတဲ့ အခြေအနေပါ။ ၂၀၁၇ ခုနှစ်မှာ အကောင်အထည်ဖော်လာမယ့် ရန်ကုန်မြို့သစ် စီမံကိန်းသာ အစိုးရက မြေကို စနစ်တကျ စီမံခန့်ခွဲမှုနဲ့ မြေလက်ဝါးကြီးအုပ်မှု ကင်းကင်း စတင်နိုင်တော့မယ် ဆိုရင် ရန်ကုန်မြို့ရဲ့ လက်ရှိ အိမ်ခြံမြေဈေးဟာ ထိုးကျနိုင်တဲ့ အခြေအနေမှာ အချက်အချာ မကျတဲ့ ကွင်းခေါင်ခေါင်က ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းဟာ ပြန်လည် ဆန်းစစ်သင့်တဲ့ စီမံကိန်း ဖြစ်နေပါတယ်။ လက်ရှိမှာ ဒုတိယသမ္မတ ဖြစ်နေပြီး အရင်အစိုးရ လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေက ပြီးခဲ့တဲ့ ရက်ပိုင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းရှင်တွေနဲ့ တွေ့ရာမှာ အရင်သမ္မတကြီးက ဒီလိုနေရာမှာ ဒီဈေးနဲ့ ရနိုင်ပါ့မလား ဆိုတာမျိုး ပြောခဲ့သလို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌကလည်း ငွေကြေးအခက်အခဲကြောင့် စီမံကိန်း ရပ်ဆိုင်းနေလို့ ကူညီပေးဖို့ တောင်းဆိုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အရင်အစိုးရတွေ လက်ထက်မှာ ပြည်သူ့အသံ နားမထောင်ဘဲ၊ ပြည်သူ့ဝင်ငွေ မချင့်ချိန်ဘဲ လုပ်ချင်သလို လုပ်ခဲ့တဲ့ စီမံကိန်းတွေ လက်ရှိ အစိုးရ လက်ထက်မှာ အကောင်းဆုံး ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။