၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ပထမပုံမှန် အစည်းအဝေးမှ စ၍ တတိယပုံမှန် အစည်းအဝေး ပြီးဆုံးသည်အထိ လွှတ်တော်၏ အစိုးရအပေါ် ထိန်းကျောင်းမှု အားနည်းနေသည်ကို ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်၊ အမျိုးသားလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင် ပြုလုပ်ခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် စုစုပေါင်း ၆၄၇ ဦး ရှိသည့်အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၃၈၂ ဦးထိ တက်ရောက်လျက် ရှိသည်။ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ နေရာ အများအပြား ရရှိခဲ့သဖြင့် မဲခွဲဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အဖွဲ့ချုပ်၏ သဘောအတိုင်းသာ လွှတ်တော်က အတည်ပြုခဲ့သည်။ထို့ပြင် ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားသည့် အကြမ်းဖက် ဖြစ်စဉ်များ၊ NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ အလျင်အမြန် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း စသည့် အရေးကြီးသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားတို့က အရေးကြီးအဆို တင်သွင်းမှုများသည်လည်း လွှတ်တော်တွင်း၌ပင် ဆွေးနွေးခွင့် မရဘဲ ပယ်ချခြင်း ခံခဲ့ရသည်။လွှတ်တော်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်သွင်းခွင့် ရရှိသည့် အဆိုများအနက် အများစုမှာလည်း အဆိုတင်သွင်းရန် မလိုဘဲ မေးခွန်း အဖြစ်သာ မေးမြန်းရမည့် ကိစ္စရပ်များသာ ဖြစ်နေသည်ဟု တိုင်းရင်းသား ပါတီများက ဝေဖန်ပြောကြားမှုများလည်း ရှိသည်။အဆိုများ တင်သွင်းရာတွင်လည်း အချိန်များစွာယူကာ ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ခဲ့သော်လည်း အဆိုအားလုံး နီးပါးသည် အစိုးရ အဖွဲ့၏ သဘောအတိုင်းသာ မှတ်တမ်းတင် ထားရှိရန်သာ အတည်ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကလည်း လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူကာ အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မမေးရန်၊ မဆွေးနွေးရန် သတိပေးမှုများလည်း ရှိခဲ့သည်။ထင်ရှားသည့် သာဓက တစ်ခုမှာ ချေးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြ ဆွေးနွေးခဲ့သည့် မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း လွှတ်တော်ကော်မတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ထို့ပြင် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမှုများ မရှိသလောက် နည်းပါးခဲ့သည်။ယခင် လွှတ်တော်တွင် အတိုက်အခံ အဖြစ် ရပ်တည်ခဲ့သည့် NLD ကိုယ်စားလှယ် အရေအတွက်မှာ နည်းပါးသဖြင့် မည်သည့်အကြောင်းအရာဖြစ်ဖြစ် ရှိသည့်သူများကသာ ဆွေးနွေးမှု အများအပြား ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် NLD ကိုယ်စားလှယ် များပြားလာသဖြင့် ဆွေးနွေးသူ များပြားလာသဖြင့် အကြိမ်အရေအတွက် နည်းပါးသွားခြင်းသာ ဖြစ်ကြောင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း ကိုယ်စားလှယ် ဖြစ်ခဲ့သည့် NLD ပါတီဝင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် ပထမအကြိမ် လွှတ်တော်တွင် NLD ပါတီမှ အတိုက်အခံအဖြစ် ရှိခဲ့သော်လည်း ယခု NLD လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အတိုက်အခံ ပါတီအဖြစ် မရှိနေခြင်းသည်လည်း အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှု အားနည်းရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ကိုယ်စားလှယ် အချို့က ဆိုသည်။ပထမအကြိမ် လွှတ်တော်တွင် အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်ရာတွင် အစိုးရနှင့် လွှတ်တော် ပွတ်တိုက်မှု ရှိသည်အထိ ဖြစ်ပေါ်ခဲ့သော်လည်း လွှတ်တော် အနေဖြင့် အစိုးရ၏ ငြိုငြင်ခံကာ ပြည်သူများ၏ လိုအပ်ချက်ကို ထောက်ပြပြောဆိုခဲ့ကြကြောင်း သို့ရာတွင် ဒုတိယအကြိမ်လွှတ်တော် အနေဖြင့် အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှုမှာ ထင်သာမြင်သာ မရှိသေးကြောင်း ပထမအကြိမ် လွှတ်တော်တွင်လည်း တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ဆိုသည်။အစိုးရအား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းနေမှုနှင့် ပတ်သက်၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “အခု ၂၀၁၅ နောက်ပိုင်းမှာ ပေါ်လာတဲ့ NLD ဦးဆောင်တဲ့ လွှတ်တော်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ အရ အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှုဟာ မြင်သာထင်သာတဲ့ဟာမျိုး မတွေ့ရသေးဘူး။ အစိုးရရဲ့ လိုအပ်ချက်ကို နောက်ကနေ ဝိုင်းပြီး ပံ့ပိုးတဲ့ သဘောလောက်ပဲ တွေ့ရတယ်။ အရင် လွှတ်တော်နဲ့ အခု လွှတ်တော် ဘာကွာလဲ ဆိုတော့ အရင် လွှတ်တော်က လူတွေက စီမံခန့်ခွဲရေး လုပ်ငန်းစဉ်တွေမှာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ခဲ့တာ။ အဲဒါကြောင့် လွှတ်တော် လုပ်ငန်းစဉ်တွေက သွက်သွက်လက်လက် လျင်လျင်မြန်မြန် ရှိတယ်။ နောက် အစိုးရကို အပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်မှာလည်း ဥပဒေနဲ့အညီ လိုအပ်တဲ့ အချိန်မှာ လုပ်ခဲ့တယ်။ အခု NLD လွှတ်တော်မှာတော့ ဦးဆောင်တဲ့ သူတွေကတော့ အတွေ့အကြုံ မရှိလောက်ဘူး။ အချိန် စောတယ် မစောတာတော့ NLD ပဲ ပြောနိုင်မှာပေါ့။ သူတို့ ဘယ်အချိန် ဘာလုပ်မယ် ဆိုတာတော့ အဆင့်ဆင့် လုပ်မယ့်ဟာ ရှိမှာပေါ့။ တောက်လျှောက်လည်း ဒီလိုဖြစ်ရင် ဖြစ်သွားမှာပေါ့” ဟု ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ အဖွဲ့တွင် ပါဝင်သွားခြင်းသည်လည်း လွှတ်တော် အနေဖြင့် အစိုးရအား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းသည့် အဓိကအချက် ဖြစ်သည်ဟုလည်း ကိုယ်စားလှယ်များက သုံးသပ် ပြောကြားသည်။လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့ ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ (OMI) က စက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ NLD အစိုးရ လက်ထက် လွှတ်တော်ပထမပုံမှန် အစည်းအဝေးတွင် အစိုးရ၏ မူဝါဒကို မေးခွန်းထုတ်မှုထက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့်သာ သက်ဆိုင်သည့် အဆိုနှင့် မေးခွန်းများ အများဆုံး တင်သွင်းခဲ့သည်ဟု ဆိုသည်။ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများတွင် မဲဆန္ဒနယ် တစ်ခုလုံးအတွက်သော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသ အတွက်သော် လည်းကောင်း ကိုယ်စားပြုမှု ရည်ရွယ်ချက်ဖြင့် မေးမြန်းခဲ့သော မေးခွန်းနှင့် အဆို ရာခိုင်နှုန်းမှာ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းမှု ၈၃ ခုအနက် ရာခိုင်နှုန်း ၇၀ ကျော်နှင့် အမျိုးသား လွှတ်တော်တွင် မေးခွန်း မေးမြန်းမှု ၃၃ ခုအနက် ၆၆ ရာခိုင်နှုန်းကျော် ရှိခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဒုတိယအကြိမ် တတိယပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂၅၀ ရှိပြီး NLD မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းမြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမျိုးသား လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁၃၂ ဦးရှိကာ NLD မှ မန်းဝင်းခိုင်သန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။လွှတ်တော်၏ အစိုးရအပေါ် ထိန်းကျောင်း စိစစ်မှုမှာ ပါတီ၏ မူဝါဒနှင့် သက်ဆိုင်နေသောကြောင့် လာမည့် ပုံမှန်အစည်းအဝေးများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပြန်အလှန် ထိန်းကျောင်းမှု ပိုမိုအားကောင်းလာစေရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းများ၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ထိန်းချုပ်မှု လျှော့ချခြင်းကို လည်းကောင်း၊ လွှတ်တော်နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ စီမံခန့်ခွဲ ဆောင်ရွက်မှုတို့ကို လည်းကောင်း စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။
NLD အစိုးရကို အပြန်အလှန် ထိန်းကျောင်းရမည့် NLD ပါတီဝင်များ ကြီးစိုးသည့် လွှတ်တော်









