၂၁ ရာစု ပင်လုံနှင့် NLD အစိုးရ လျှောက်မည့် ငြိမ်းချမ်းရေး ခရီး

၂၁ ရာစု ပင်လုံနှင့် NLD အစိုးရ လျှောက်မည့် ငြိမ်းချမ်းရေး ခရီး
Published 25 December 2016
ဇင်ဘိုလွင်၊ ဇာလီမြင့်ဦး

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်တွင်မူ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းတွင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ဆောင်ရွက်မှုများထဲမှ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် ညီလာခံတစ်ရပ် ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့ပြီး ၎င်းဦးဆောင်သည့် NLD အစိုးရ အာဏာရလာသည့် ၂၀၁၆ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်နိုင်ခဲ့မှုကို ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခု အဖြစ် ဖော်ပြအပ်ပါသည်။၂၁ ရာစု ပင်လုံညီလာခံ ဆိုသော စကားလုံးသည် ယခုမှသာ ပေါ်ထွက်လာခြင်း မဟုတ်ဘဲ ယခင်အစိုးရ လက်ထက် ကတည်းက စတင်လာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ၂၁ ရာစု ပင်လုံညီလာခံတစ်ရပ် ပေါ်ထွန်းလာရန် ရွေးကောက်ပွဲ မတိုင်မီ ကာလကပင် တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် နိုင်ငံရေး ပါတီများက လိုလားခဲ့ကြခြင်း ဖြစ်သည်။NLD အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စတင်ထိတွေ့မှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံခြင်းဖြင့် စတင်ခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း ကျင်းပနိုင်ရန် ပြောကြားခဲ့သည်။ထို့နောက် အစိုးရ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းခြင်း၊ ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်း တာဝန်ပေးခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် ညှိနှိုင်းရန် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်းတို့ကို ဆက်တိုက် ဆောင်ရွက်လာခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဇွန် ၂၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည့်ပွဲ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လအတွင်း ပြုလုပ်မည်ဟု ပြောကြားခဲ့ပြီး NCA လက်မှတ် ထိုးထားသည့် အဖွဲ့များကလည်း သဘောတူခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ အချိန်ကာလတစ်ခု သတ်မှတ်ပေးလိုက်ပြီး နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများက ၂၁ ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် ပင်လုံညီလာခံတွင် ဆွေးနွေးမည့် ဘုံသဘောတူညီချက်များ ရယူနိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ‘ဝ’၊ ကိုးကန့်၊ တအာင်း၊ နာဂလက်နက်ကိုင် အဖွဲ့များမှ လွဲ၍ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်တို့လည်း တက်ရောက်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများတို့တွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများနှင့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များကို ငါးရက်ကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း မည်သည့် ခေါင်းစဉ်ကိုမျှ ရာနှုန်းပြည့် ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘဲ အသေးစိတ်ကို ဆက်လက် ညှိနှိုင်းရန်သာ သဘောတူညီမှု ရခဲ့သည့် အတွက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် တိုင်းရင်းသားများ၏ ဘုံသဘောထားများ စုစည်းရေးအတွက် အချိန်ပေးသင့်ကြောင်း ပြောဆိုမှုများ ရှိခဲ့သလို NCA လက်မှတ် ထိုးထားသည့် အဖွဲ့များဘက်ကလည်း ၂၁ ရာစု ပင်လုံညီလာခံ မလုပ်မီ NCA လက်မှတ် မထိုးထားသည့် အဖွဲ့များကို နိုင်ငံရေး မူဘောင်ကို အရင်ဆွေးနွေးသွားရန် အချိန်ပေးသင့်သည်ဟူသော ပြောဆိုမှုများလည်း ရှိခဲ့သည်။မိုင်ဂျာယန် အစည်းအဝေးတွင် ဗမာပြည်နယ် သတ်မှတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကို တစ်စုတည်းထားကာ အစုအဖွဲ့ သုံးဖွဲ့တည်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလုပ်ရန် အချက်များကိုလည်း ထည့်သွင်းဆွေးနွေးမှုများ ရှိခဲ့သည်။သို့သော် သြဂုတ် ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးတွင်မူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ရက် သတ်မှတ်ခဲ့သလို ယင်းနေ့တွင်ပင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။၂၁ ရာစု ပင်လုံညီလာခံအတွက် ရက်သတ်မှတ်ပြီးသည့်နောက်တွင် အစည်းအဝေး တက်ရောက်မည့် ကိုယ်စားပြု အဖွဲ့များ လူဦးရေ သတ်မှတ်ရာတွင် ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သည့် နိုင်ငံရေးပါတီ ၇၀ အတွက် ကိုယ်စားပြုဦးရေ ငါးဦးသာ ပေးခဲ့သည့်အပေါ် အဆိုပါ နိုင်ငံရေး ပါတီများက ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ၂၁ ရာစု ပင်လုံညီလာခံတွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရန် အတည်ပြုခဲ့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆွေးနွေးနိုင်ခြင်း မရှိသည့် TNLA၊ MNDAA၊ AA လက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရေး ဆွေးနွေးရာတွင်မူ သဘောတူညီမှုများ မရရှိခဲ့သည့်အတွက် အဆိုပါ အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ခွင့် မရှိခဲ့ပေ။ဤသို့ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် လေးရက်ကြာ ပြုလုပ်ခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး ဖွင့်ပွဲနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေခြင်းများကို နိုင်ငံပိုင် ရုပ်သံမီဒီယာများမှ တိုက်ရိုက် ထုတ်လွှင့် ပြခဲ့သည့်အတွက် ပွင့်လင်းမြင်သာမှုရှိသည့် ညီလာခံတစ်ခု ဖြစ်ခဲ့သည်။အစည်းအဝေး ဒုတိယနေ့တွင် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) မှ ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာသွားခဲ့ရာ ‘ဝ’ အထူးဒေသ(၂) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းထံ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံစာကို ညီလာခံ ကျင်းပနေစဉ် ကာလအတွင်း ပေးပို့ခဲ့ရမှုမှာမူ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။ညီလာခံ ကာလအတွင်း ကျင်းပရေး ကော်မတီတွင် ပါဝင်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များကို သဘာပတိများအဖြစ် အလှည့်ကျ ဆောင်ရွက်စေခဲ့သည်။ ညီလာခံသို့ အစိုးရ အဖွဲ့မှ ၇၅ ဦး၊ လွှတ်တော်မှ ၇၅ ဦး၊ တပ်မတော်မှ ၅၀၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၂၀၀၊ နိုင်ငံရေး ပါတီများမှ ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၅၀၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ၅၀ နှင့် လေ့လာသူများ၊ အထောက်အကူပြုသူများ ၅၀ နေ့စဉ် တက်ရောက်ခဲ့ကြောင်း သိရသည်။ ညီလာခံ ဖွင့်ပွဲနေ့တွင် ညီလာခံသို့ ပုံမှန်တက်ရောက်သူများ အပါအဝင် အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သံတမန်များ စုစုပေါင်း ၁၄၀၀ တက်ရောက်ခဲ့ကြောင်း ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီ မှတ်တမ်းအရ သိရသည်။အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီးမှ တာဝန်ရှိသူ ၇၂ ဦးက သဘောထားစာတမ်း ၄၉ စောင်ကို တင်ပြခဲ့ရာ ပြည်နယ် သတ်မှတ်ပေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးတို့ အပါအဝင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး အတွက် အခြေခံရမည့် မူများ စသည့် အချက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပါတီများဘက်က တင်ပြတောင်းဆိုမှုများ ရှိခဲ့ပြီး တပ်မတော်ဘက်က သဘောထားများ တင်သွင်းရာတွင်မူ အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေး လိုလားချက် အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံပြီးသာ ဆောင်ရွက်ရမည်ဟု တင်သွင်းခဲ့သည်။ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံသည် ပထမအကြိမ် အစည်းအဝေး ဖြစ်ပြီး ညီလာခံ အစည်းအဝေးများကို ခြောက်လတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကာ မည်သည့် အချိန်တွင် ပြီးဆုံးမည် ဆိုသည်ကို မပြောနိုင်ဘဲ အစည်းအဝေး ကြားကာလများအတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု အစည်းအဝေး ကျင်းပရေး ကော်မတီဘက်က ပြောကြားခဲ့ပြီး ပထမအကြိမ် အစည်းအဝေးတွင်မူ မည်သည့်သဘောထား ချမှတ်တာမျိုးကိုမျှ မပြုလုပ်ခဲ့ဘဲ သက်ဆိုင်ရာ အဖွဲ့များ၏ သဘောထားများကို တင်ပြခြင်းကိုသာ ပြုလုပ်ခဲ့သည့်အတွက် ဖွင့်ပွဲမျှသာ ဖြစ်သည်ဟုလည်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်မှုများလည်း ရှိခဲ့သည်။လာမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည်ဟု အစိုးရဘက်က ပြောကြားထားသည်။ သို့သော် လက်ရှိ အချိန်ထိ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ခြင်း မရှိသေးပေ။ ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေး အပြီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားလာမှုများ ရှိခဲ့သည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က တပ်မတော် အနေဖြင့် ၎င်းတို့ဒေသကို ထိုးစစ်များ ဆင်နွှဲသည်ဟု ပြောကြားမှုများ ရှိခဲ့ပြီး တိုက်ပွဲများ ရပ်တန့်ရန် ပြည်သူများက တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုများလည်း မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် KIA, MNDAA, TNLA, AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှုများ ရှိနေသည်မှာ လက်ရှိ အချိန်ထိ ရှိနေဆဲ ဖြစ်သည်။အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် NCA လက်မှတ် ရေးထိုးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် “ဘယ်သူတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလားဘူး ဆိုတာ ပြည်သူတွေ မကြာခင် မြင်ရမှာပါ” ဟု ပြောကြားသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံတော် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံကိုလည်း အဆိုပါ နှစ်ပတ်လည်နေ့ပွဲတွင် ချပြခဲ့သည်။ ယင်း လမ်းပြမြေပုံ အချက်များမှာ (၁) နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ (၂)နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၃) ပြင်ဆင် အတည်ပြုပြီးဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကျင်းပခြင်း၊ (၄) (၂၁) ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် 21st Century Panglon Conference Agreement လက်မှတ်ရေးထိုးခြင်း၊ (၅) ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊ (၆) ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း စသည့် အချက်များ ဖြစ်သည်။အဆိုပါ ငြိမ်းချမ်းရေး လမ်းပြမြေပုံအတိုင်း ဆိုပါက ပထမနှစ်ချက်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် ပြင်ဆင်ခြင်းများကိုပင် လက်ရှိ အချိန်ထိ မလုပ်နိုင်သေးသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ကျင်းပခြင်းဟု ဆိုထားသည့်အတွက် ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးမှာ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ပထမနှစ်ချက်ကို ကျော်ပြီး စတင်ခဲ့သည့် သဘောလည်း ဖြစ်နေသည်။၂၀၁၆ ခုနှစ်အတွင်း ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ရပ်ဟု မျှော်လင့်ကြသည့် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို စတင်ကျင်းပနိုင်ခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သလို စစ်ဘေးရှောင် ဒုက္ခသည်များလည်း ဆက်လက် တိုးပွားနေသည့် အခြေအနေတွင် ရှိနေရာ ၂၁ ရာစု ပင်လုံညီလာခံမှ အစပြုသည့် NLD အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာနိုင်ရန် ကြိုးပမ်းမှုတို့အပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲ ဖြစ်သည်။ထို့ပြင် ဆက်လက် ကျင်းပသွားမည့် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးများတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးများအပေါ် မည်မျှထိ ခြေလှမ်းနိုင်မည်နည်း ဆိုသည်မှာတော့ ဆက်လက် စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

Most Read

Most Recent