အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူး အစည်းအဝေး အပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ရစဉ် (Photo: Myanmar President Office Facebook)
NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အစိုးရဖွဲ့ချိန်တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်များအရ သမ္မတအဖြစ် တင်မြှောက်နိုင်ခြင်း မရှိသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပင် နိုင်ငံတော်၏ အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့် နေရာတစ်နေရာအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖန်တီးပေးအပ်နိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။တပ်မတော်အစိုးရ ဦးဆောင်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် ရည်ရွယ်ကန့်သတ်ထားသည်ဟု မှတ်ယူ၍ ရနိုင်သော ပုဒ်မ ၅၉ (စ)အား ထည့်သွင်းထားသည်။NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘဲ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ရာတွင် NLD ပါတီ၏ အဓိက ရည်ရွယ်ချက်မှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆောင်ရွက်ရန်ဖြစ်သည်။NLD ပါတီဝင် ကိုယ်စားလှယ်များ လွှတ်တော်တွင်းသို့ ရောက်ရှိသွားချိန်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လိုသော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ချိတ်ဆက်ဆောင်ရွက်ခဲ့သဖြင့် အတန်သင့် ခရီးပေါက်ခဲ့ပြီး NLD ပါတီမှ အဓိက ပြင်ဆင်လိုသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့ ပြင်ဆင်နိုင်ရေး မျှော်လင့်ချက်ရောင်နီ သန်းခဲ့သည်။သို့ရာတွင် လွှတ်တော်တွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်မှုများတွင် တပ်မတော်၏ ထောက်ခံမှု မရရှိသဖြင့် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးနှင့် ရွေးကောက်ပွဲ အနိုင်ရရှိပါက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် တင်မြှောက်နိုင်ရေး မျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး တစ်ကျော့ပြန်အဖြစ် NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်သည့် အာဏာ လက်ဝယ်သို့ ရောက်ရှိလာခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် တွေ့ဆုံမှုများကို ၎င်းကိုယ်တိုင် ဦးဆောင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။သို့ရာတွင် NLD ပါတီ အနေဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် အာဏာလက်ဝယ် ရောက်ရှိလာသော်လည်း အစိုးရ ဖွဲ့စည်းရေးထက် တစ်ဖက်တွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ အစိုးရသစ် လက်ထက်တွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မည်သည့်မဏ္ဍိုင်တွင် ဆက်လက်ရပ်တည်မည်ကို ပါတီတွင်း သာမက၊ ပြည်သူများ၊ နိုင်ငံတကာ အသိုင်းအဝန်းများကပါ အထူး စိတ်ဝင်စားခဲ့ကြသည်။ထိုသို့ စိတ်ဝင်တစား စောင့်ကြည့်မှုများအား ရပ်တန့်သွားစေသည်မှာ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါလာခြင်းပင် ဖြစ်သည်။နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်၌ပင် နေ၍ ပါတီနှင့် အစိုးရအဖွဲ့အား ထိန်းကျောင်းလိမ့်မည်ဟု မှန်းဆချက်များလည်း လွဲခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၃၀ ရက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီး ဝန်ကြီးဌာနလေးခု ကိုင်တွယ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ဝန်ကြီးဌာန လေးခုတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးနေရာ ပါဝင်သည်။သို့သော် မတ် ၃၁ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ရန် ရေးဆွဲထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကိုယ်စား ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ရာ ပြည်သူအများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများ အံ့အားသင့်ခဲ့ရပြီး သူမအား သမ္မတ ဖြစ်စေလိုသော ပြည်သူများက ဥပဒေကြမ်း တင်သွင်းမှုအပေါ် ထောက်ခံခဲ့ကြသည်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၇ တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော် သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟု မမှတ်ယူရ” ဟု ပြဋ္ဌာန်းထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ပါ ပြဋ္ဌာန်းချက်သည် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သား အစိုးရ လက်ထက်တွင် လိုအပ်သည့်အခါ ရာထူးရယူနိုင်ရေးအတွက် ထည့်သွင်းထားသည့် ပုဒ်မဖြစ်ပြီး ယင်းပုဒ်မကို NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်အတွက် အသုံးချခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ ဆွေးနွေး အတည်ပြုချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ထောက်ပြကန့်ကွက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း အတည်ပြုချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မဲပေးခြင်း မပြုဘဲ မတ်တပ်ရပ်ကာ ကန့်ကွက်သည်အထိ ဖြစ်ပေါ်ခဲ့သည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အဓိက ကန့်ကွက်မှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ (မူကြမ်း)သည် တင်သွင်းသည့်ရက်နှင့် အတည်ပြုရန် ဆွေးနွေးသည့်ရက်မှာ လုံလောက်မှု မရှိခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် ပြဋ္ဌာန်းသည် ဆိုသော်လည်း ပါတီအမည် ဖော်ပြထားသော လူပုဂ္ဂိုလ် တစ်ဦးတည်းအား ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာ နှစ်ရပ်စလုံးကို အပ်နှံသည့်သဘော သက်ရောက်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ အခြား ပြည်ထောင်စု ဝန်ကြီးများအား ဆွေးနွေး အကြံပြုခွင့် ရရှိပြီးဖြစ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က) ပါ အာဏာခွဲဝေပိုင်းခြား သုံးစွဲမှု အခြေခံမူနှင့် ဆန့်ကျင်ပြီး အခြားဥပဒေပြုရေး ကိစ္စရပ်များအား ဝင်ရောက်ဆောင်ရွက်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေမည်ဖြစ်ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ထိုစဉ်အချိန်က ဆွေးနွေးချက်များတွင် ပါဝင်ခဲ့သည်။ထိုသို့ ကန့်ကွက်မှုများကြားကပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီး ဧပြီ ၆ ရက်တွင် နိုင်ငံတော် သမ္မတက ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့ ရာထူးများ မရယူခဲ့သည့်တိုင် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံတကာ ခေါင်းဆောင်များနှင့် သံတမန် အသိုင်းအဝန်းက NLD ပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရ၏ ဆုံးဖြတ်ချက်များသည် ၎င်းထံမှ လာသည်ကို နားလည်ထားပြီးဖြစ်သည်။မည်သို့ပင်ဆိုစေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ကို အခြေခံ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ ပေါ်ထွက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အုပ်ချုပ်ရေးနယ်ပယ်တွင် အကြံပေးအဆင့်မျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင် နှစ်ခုစလုံးအား အတိုင်ပင်ခံသည့်သဘော ဖြစ်သည်။ထို့ပြင် ပြည်ထောင်စု၏ အင်္ဂါစဉ်တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ်နှစ်နေရာတွင် ရှိနေသည်။ပြည်ထောင်စု အင်္ဂါစဉ်အရ နံပါတ်နှစ် ဆိုသော်လည်း လတ်တလောတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်တွင်းငြိမ်းချမ်းရေးအား ဦးဆောင်၍ ဆောင်ရွက်ခြင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများအကြား ညှိနှိုင်းရေး အစည်းအဝေးများကို ဒုတိယသမ္မတများ တက်ရောက်စေကာ ဦးဆောင် ကျင်းပခြင်း၊ ပြည်ပနိုင်ငံများတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်ချရန် ကိစ္စရှိပါက သူမကိုယ်တိုင် ပြည်ပခရီးစဉ်များ သွားရောက်ခြင်း၊ ပြည်ပနိုင်ငံများ၏ နိုင်ငံတော် အခမ်းအနားများဖြင့် ကြိုဆိုခံရခြင်း စသည့် အခြေအနေများကြောင့် တိုင်းပြည်၏ နံပါတ်တစ်နေရာ ရောက်နေသည့် အနေအထားပင် ဖြစ်သည်။NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသော ပြည်သူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် တင်မြှောက်ခွင့် မရသော်လည်း သမ္မတကဲ့သို့ အခွင့်အာဏာရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ပေးအပ်ထားနိုင်ပြီ ဖြစ်ကြောင်းကို NLD အစိုးရသစ် လက်ထက် အရေးကြီးသည့် ဆုံးဖြတ်ချက် ချရမည့် ကဏ္ဍများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေနိုင်ခြင်းက သက်သေပြနေပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်









