စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ တစ်ခုအား နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့သည့် ဖြစ်စဉ်မှ ကျုးလွန်သူများကို တစ်လနီးပါးကြာသည်အထိ ဖမ်းမမိသေး

စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ တစ်ခုအား နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့သည့် ဖြစ်စဉ်မှ ကျုးလွန်သူများကို တစ်လနီးပါးကြာသည်အထိ ဖမ်းမမိသေး
Published 24 December 2016
သီဟအောင်၊ ဝေလင်းအောင်

စမ်းချောင်းမြို့နယ်တွင် ငွေလဲကောင်တာ တစ်ခုအား နေ့ခင်းကြောင်တောင် ဓားပြတိုက်ပြီး သေနတ်နှစ်ချက် ပစ်ဖောက်သည့် ဖြစ်စဉ်မှ ကျုးလွန်သူနှစ်ဦးအား တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။
“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းမှာပါတဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိဖို့ စုံစမ်းဆောင်ရွက်နေပါတယ်။ စစ်ဆေးစရာရှိတဲ့ သူတွေကိုလည်း စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း မြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ M.S Group Money Changer သို့ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသားနှစ်ဦးသည် နိုင်ငံခြား ငွေလဲလှယ်ရန် ဆိုင်အတွင်းသို့ ဝင်လာပြီး ဆိုင်ရှိဝန်ထမ်းအား မေးမြန်းစကားပြောနေစဉ် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးက လေးခွဖြင့်ချိန်ပြီး ကျန်တစ်ဦးက သေနတ်နှစ်ချက် ဖောက်ကာ  ပိုက်ဆံများ ယူဆောင်ပြီး ရှမ်းကုန်းလမ်းအနီးရှိ မြဝတီလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသွားခဲ့ပြီးနောက် ၎င်းတို့မှာ ပြည်လမ်းအရောက်တွင် နောက်မှလိုက်သည့် ပတ်ဝန်းကျင်နေ ပြည်သူများကို မလိုက်နှင့်ဟုပြော၍ သေနတ်တစ်ချက် ထပ်မံပစ်ဖောက်ခဲ့ပြီး လိုင်းကားတစ်စီးပေါ်သို့တက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖောက်ကာ ငွေများလုယူသွားခဲ့သည့် အမျိုးသားနှစ်ဦး အသုံးပြုသည့် သေနတ်မှာ လေပေါင်အသုံးပြု၍ ပစ်ရသည့် သေနတ်မျိုးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့မ ရဲစခန်းက (ပ)၄၁၄/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ဖက်ရှင်ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသားတစ်ဦးက ဝင်ရောက်ကာ ယင်းဆိုင်မှ အမျိုးသမီး တစ်ဦးအား လက်သည်းညှပ်ဓားဖြင့် ထောက်ကာ ပစ္စည်းများ လုယူသည့် ဖြစ်စဉ်မှ ကျုးလွန်သူအား နှစ်ပတ်ကျော်ကြာမြင့်သည် အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
အဆိုပါဖြစ်စဉ်တွင်လည်း ကျူးလွန်ခဲ့သည့် အမျိုးသားအားလမ်းအတွင်း တပ်ဆင်ထားသည့် CCTV မှ ဖမ်းယူရရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မသင်္ကာသူများကို စစ်ဆေးလျက်ရှိကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှ သိရသည်။ ကျူးလွန်သူအား ကျောက်တံတားမြို့မ ရဲစခန်းတွင် (ပ) ၂၇၅/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၄၁၊ ၃၉၂ တို့ဖြင့် အမှုဖွင့်ထားသည်။