အမေရိကန်က ကြားနေမဲပေးပြီးနောက် ကုလသမဂ္ဂက အစ္စရေး၏ နယ်သစ်အခြေချမှုများကို အဆုံးသတ်ရန် တောင်းဆို

အမေရိကန်က ကြားနေမဲပေးပြီးနောက် ကုလသမဂ္ဂက အစ္စရေး၏ နယ်သစ်အခြေချမှုများကို အဆုံးသတ်ရန် တောင်းဆို
Published 24 December 2016
Ref း AFP

ပါလက်စတိုင်း နယ်မြေအတွင်း အစ္စရေးတို့၏ နယ်သစ်အခြေချမှုများကို ရပ်တန့်လိုက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၄ ရက်တွင် တောင်းဆိုခဲ့သည်။  အစ္စရေး၏ နယ်သစ်အခြေချမှုအပေါ် အပြစ်တင်ရန် အဆိုပြုချက်ကို ကောင်စီ၌ မဲခွဲဆုံးဖြတ်ရာတွင် အမေရိကန်က ၎င်း၏ အရင်းနှီးဆုံး အရှေ့အလယ်ပိုင်း မဟာမိတ် အစ္စရေးအတွက် ဗီတိုအာဏာသုံး၍ ပယ်ချရမည့်အစား ကြားနေမဲသာပေးခဲ့သည်။ ထို့ကြောင့် ၁၉၇၉ ခုနှစ်နောက်ပိုင်း အစ္စရေး၏ နယ်သစ်အခြေချရေး မူဝါဒအပေါ် ကုလသမဂ္ဂက ပထမဆုံးအကြိမ် ပြစ်တင်ဝေဖန်သည့် ဆုံးဖြတ်ချက်တစ်ရပ် ထုတ်နိုင်ခဲ့သည်။
ယခုအဆိုပြုချက်ကို ကြားနေမဲပေးခဲ့သည့် အမေရိကန်မှအပ ကျန်သော ကောင်စီဝင် ၁၄ နိုင်ငံစလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။ မဲခွဲဆုံးဖြတ်မည့်ကိစ္စကို ပိတ်ဆို့ရန် အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်ကထောက်ခံပြီး အစ္စရေးက ဦးဆောင်ကြိုးပမ်းခဲ့သည့်ကြားမှ ယခုကဲ့သို့ သမိုင်းဝင်ဖြစ်စဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းပင် ပယ်ချခဲ့ပြီး ဗီတိုအာဏာသုံး၍ မတားဆီးခဲ့သော ရာထူးသက်တမ်းကုန်တော့မည့် သမ္မတ ဘာရက်အိုဘားမား၏ အစိုးရအဖွဲ့ကို ပြင်းထန်စွာပြစ်တင်ခဲ့သည်။ “ဒီလို ရှက်စရာကောင်းတဲ့ အစ္စရေးဆန့်ကျင်ရေး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အစ္စရေးက ပယ်ချပါတယ်။ လိုက်လည်း မလိုက်နာနိုင်ပါဘူး။ ကုလသမဂ္ဂမှာ အစ္စရေးကို အခုလို အုပ်စုလိုက် ဝိုင်းတိုက်ခိုက်ကြတာကို အိုဘားမားအစိုးရဟာ မကာကွယ်ပေးတဲ့အပြင် နောက်ကွယ်ကနေ ပူးပေါင်းကြံစည်ခဲ့ပါသေးတယ်” ဟု နေတန်ယာဟု၏ရုံးခန်းမှ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အစ္စရေးသည် အဓိပ္ပာယ်မရှိသည့် ယခုဆုံးဖြတ်ချက်၏ အန္တရာယ်ရှိသော သက်ရောက်မှုကို ရှောင်လွှဲရန် ရွေးကောက်ခံသမ္မတ ထရန့်နှင့် ကွန်ဂရက်ထဲမှ မိတ်ဆွေများနှင့်အတူ ပူးပေါင်းသွားမည့်အရေးကို မျှော်လင့်နေသည်ဟုလည်း ဆိုသည်။
ဒေါ်နယ်ထရန့်ကလည်း လာမည့်လတွင် သမ္မတရာထူးကို ၎င်းလက်ခံပြီးနောက် ကုလသမဂ္ဂ၌ ပြောင်းလဲမှုများပြုလုပ်မည်ဟု မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ကတိပြုခဲ့သည်။ “ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းကနေစပြီး ကုလသမဂ္ဂမှာ အပြောင်းအလဲတွေ ဖြစ်လာမှာပါ” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။
အစ္စရေးနိုင်ငံ နံဘေး၌ ပါလက်စတိုင်း နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းစွာ တည်ထောင်နိုင်ရန် ရည်ရွယ်သော နှစ်နိုင်ငံတည်ထောင်ရေး ဖြေရှင်းမှုအပေါ် ဂျူးစခန်းများနယ်ချဲ့မှုက ခြိမ်းခြောက်နေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်နေသောကြောင့် ယခုကဲ့သို့ အမေရိကန်က ကြားနေခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်သံအမတ် ဆမန်သာပါဝါက ပြောကြားခဲ့သည်။ ယခုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ကြိုဆိုခဲ့သည်။ ပါလက်စတိုင်း သမ္မတ မာမွတ်အဘားကမူ ကုလသမဂ္ဂ၏ မဲခွဲဆုံးဖြတ်မှုသည် နှစ်နိုင်ငံ တည်ထောင်ရေး ဖြေရှင်းမှုအပေါ် ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြသရာရောက်ပြီး အစ္စရေး၏မူဝါဒအပေါ် ကြီးမားသည့် ထိုးနှက်ချက်ကြီးဖြစ်ခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂသည် အစ္စရေး၏ နယ်သစ်အခြေချမှုများကို တရားမဝင်ဟု သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့်လအတွင်းမှာပင် နယ်သစ်အခြေချ ဆောက်လုပ်မှုများမှာ လျင်မြန်စွာမြင့်တက်လာသည်ဟု ကုလသမဂ္ဂ အရာရှိများက ပြောကြားခဲ့ကြသည်။ လက်ရှိတွင် ဝက်စ်ဘင့်၌ အစ္စရေးအခြေချသူ ၄၃၀,၀၀၀ နေထိုင်နေပြီး ပါလက်စတိုင်းတို့က ၎င်းတို့အနာဂတ်နိုင်ငံတော်၏ မြို့တော် အဖြစ် ရှုမြင်ထားသော ဂျေရုဆလင်အရှေ့ပိုင်းတွင်မူ အစ္စရေး ၂၀၀၀၀၀ ခန့် နေထိုင်နေကြသည်။ ယခုကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က ဂျေရုဆလင်အရှေ့ပိုင်းအပါအဝင် ပါလက်စတိုင်းနယ်မြေထဲတွင် အစ္စရေးတို့၏ အခြေချမှုများ အားလုံးကိုချက်ချင်းနှင့် အလုံးစုံ ရပ်တန့်လိုက်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
ကုလသမဂ္ဂတွင် ၂၀၁၁ ခုနှစ်ကလည်း အလားတူမဲခွဲဆုံးဖြတ်ခဲ့ရာ အိုဘားမားအစိုးရ တစ်ခုတည်းကသာ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီ၏ မှတ်တမ်းများအရ အမေရိကန်သည် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်မှုများတွင် အကြိမ်ပေါင်း ၃၀ ဗီတိုအာဏာ အသုံးပြုခဲ့သည်ဟု သိရသည်။ အမေရိကန်သည် ၂၀၀၉ ခုနှစ်က ဂါဇာစစ်ပွဲရပ်တန့်ရေးအတွက် မဲခွဲ ဆုံးဖြတ်စဉ်က နောက်ဆုံးအကြိမ် ကြားနေခဲ့သည်။
              

Most Read

Most Recent