ခရစ်စမတ်နှင့် နှစ်သစ်ကူး ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၅၀၀၀ တပ်ဖြန့်မည်ဟု အင်ဒိုနီးရှား ကြေညာ

ခရစ်စမတ်နှင့် နှစ်သစ်ကူး ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၅၀၀၀ တပ်ဖြန့်မည်ဟု အင်ဒိုနီးရှား ကြေညာ
Published 22 December 2016
Ref:AFP

ခရစ်စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် လုံခြုံရေးအင်အား ၁၅၅,၀၀၀ တပ်ဖြန့်ရန် စီစဉ်ထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ တွင် ကြေညာခဲ့သည်။
ခရစ်စမတ်ကာလအတွင်း အသေခံဗုံးခွဲရန် ကြံစည်နေသည့် IS ဆက်နွှယ်အဖွဲ့တစ်ဖွဲ့၏ အစီအစဉ်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် လုံခြုံရေးတိုးမြှင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းများ၊ ဖျော်ဖြေရေးနှင့် ဆိုင်သောနေရာများ၊ လူထုစုဝေးသည့် နေရာများတွင် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ကြောင်း အင်ဒိုရဲချုပ် တီတိုကာနာဗီရန်က ပြောကြားခဲ့သည်။ ထို့ပြင် ထောက်လှမ်းရေး သတင်းစုဆောင်းမှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး လူမှုမီဒီယာကို စောင့်ကြည့်မှုလည်း တင်းကျပ်သွားမည်ဖြစ်ကြောင်း အင်ဒိုရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆီတွန်ပူက ပြောကြားသည်။
ကမ္ဘာတွင် မွတ်စလင် အများဆုံးသော နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် နှစ်သစ်ကူးကာလ၌ လုံခြုံရေးအမြောက်အမြား ချထားမှုသည် နှစ်စဉ်ဆောင်ရွက်နေကျ လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။
အင်ဒိုရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်က ဂျကာတာမြို့စွန်ရှိ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ ဗုံးအမြောက်အမြား တွေ့ရှိခဲ့ပြီး စစ်သွေးကြွဟု သံသယရှိရသူ သုံးဦးကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။ ယင်းစစ်သွေးကြွများသည် ရဲစခန်းတွင် ရဲအရာရှိတစ်ဦးအား ဓားဖြင့်ထိုးရန် စီစဉ်ထားပြီး ခရစ်စမတ် အားလပ်ရက်တွင် အသေခံဗုံးခွဲမှု ဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိ့ုပြင် ယင်းစစ်သွေးကြွများသည် သမ္မတနန်းတော်မှ စစ်ဆေးရေးစခန်း တစ်ခုကိုလည်း ဗုံးခွဲရန် စီစဉ်ထားခဲ့သည်ဟုဆိုသည်။ ဂျကာတာအစွန်ရှိ ဘေကာစီတွင် အမျိုးသမီး အသေခံဗုံးခွဲသူ တစ်ဦးအပါအဝင် စစ်သွေးကြွလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် နှစ်ပတ်ခန့်အကြာတွင် ဒီဇင်ဘာ ၂ ရက် စီးနင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားသည် ၂၀၀၀ ပြည့်လွန်နှစ်များက ပြည်တွင်းမှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ဆက်တိုက်ကြုံခဲ့ရပြီး လူ ၂၀၀ ကျော်သေဆုံးခဲ့သော ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုသည် အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ဆက်တိုက်နှိမ်နင်းခဲ့သောကြောင့် အကြမ်းဖက်ကွန်ရက်များ၏ အန္တရာယ်လျော့ကျသွားခဲ့သော်လည်း စစ်သွေးကြွတို့ ပြန်လည်ခေါင်းထောင်မည်ကို စိုးရိမ်နေရသည်။ 

Most Read

Most Recent