မက္ကဆီကို မီးရှူးမီးပန်းဈေး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၁ ဦး ထက်မနည်း သေဆုံးပြီး လူ ၇၀ ဒဏ်ရာရ

မက္ကဆီကို မီးရှူးမီးပန်းဈေး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၁ ဦး ထက်မနည်း သေဆုံးပြီး လူ ၇၀ ဒဏ်ရာရ
Published 21 December 2016
Ref:AFP

မက္ကဆီကိုနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံထဲရှိ အကြီးဆုံး မီးရှူးမီးပန်းဈေးကြီး၌ အလွန်ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇၀ ကျော် ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တူတီပစ်ဆင်ခြေဖုံး ရပ်ကွက်တွင်ရှိသည့် ထိုဈေး၌ မီးစတင်လောင်ကျွမ်းပြီးနောက် မီးသည်လျင်မြန်စွာ ကူးစက်သွားခဲ့ကာ ရောင်စုံပေါက်ကွဲမှုများစွာ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မက္ကဆီကို စီးတီးတစ်မြို့လုံးတွင်လည်း မီးခိုးငွေ့များ ဖုံးလွှမ်းနေခဲ့သည်ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်က ဈေးထဲတွင် ရိုးရာနှစ်ကုန်ပွဲတော်များအတွက် မီးရှူးမီးပန်းဝယ်သူများဖြင့် ပြည့်နေခဲ့သည်။ လက်တင်အမေရိက နိုင်ငံအများအပြား၌ ခရစ္စမတ်နှင့် နှစ်ကူးပါတီ အများအပြားတွင် မီးရှူးမီးပန်း ပစ်ဖောက်မှုများဖြင့် အဆုံးသတ်လေ့ရှိသည်။
“ကျွန်တော်တို့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ နေရာကနေ အလောင်း ၂၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု မက္ကဆီကို အစိုးရရှေ့နေ အယ်လီဂျန်ဒရိုဂိုမက်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆေးရုံများ၌ သေဆုံးသူ ငါးဦးရှိကြောင်း မက္ကဆီကို အစိုးရရှေ့နေချုပ် မီလင်နီယိုအလက်ဇန်ဒရိုဂိုးမက်က ပြောကြားခဲ့သည်။ ဒဏ်ရာရသူမှာ ၇၀ ရှိပြီး ယင်းတို့အားလုံးကို အရေးပေါ်အခန်းထဲသို့ ပို့ခဲ့သည်ဟု သိရသည်။ ဈေးထဲမှ လောင်ကျွမ်းခဲ့သောမီးကို ထိန်းချုပ်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များသည် သုံးနာရီကြာအောင် ကြိုးပမ်းရုန်းကန်ခဲ့ရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌဖြစ်သူ လူးဝစ်ဖီလစ်ပီပြူရန်တီက ၎င်းတို့သည် ကယ်ဆယ်ရေးများလုပ်ရန် မီးရှူးမီးပန်းပေါက်ကွဲခြင်းများ ရပ်တန့်ရန်အချိန်အထိ စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ပျက်စီးဆုံးရှုံးမှု အလွန်များပြားပြီး ရှာဖွေရေးများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ မီးလောင်ထားသည့် နေရာသည် ရုပ်ရှင်ထဲမှ ကမ္ဘာပျက်ပြီး ဇာတ်ဝင်ခန်းနှင့်တူကြောင်း ပြောကြားခဲ့သည်။ “တစ်ဈေးလုံးကုန်တာပါပဲ။ အနီးအနားက ကားတွေရော၊ ယာဉ်တွေပါ ထိခိုက်ခဲ့ရပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
အရေးပေါ် ကယ်ဆယ်ရေးသမားများကို ကူညီရန်အတွက် စစ်တပ်ကိုလည်း တပ်ဖြန့်ပေးထားသည်ဟု သိရသည်။ မက္ကဆီကိုသမ္မတ အင်းနရစ်ပီညာနစ်တိုက ယင်းဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများအတွက် ဝမ်းနည်းမိကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ပြန်လည် နာလန်ထူလာစေရေးအတွက် ဆုတောင်းပေးကြောင်း Twitter တွင်ဖော်ပြခဲ့သည်။
“ပေါက်ကွဲသံတွေကို စ,ကြားတုန်းက အနီးအနားက မီးရှူးမီးပန်း ဆိုင်တစ်ဆိုင်က ထွက်လာတာလို့ ထင်ခဲ့ပါတယ်”ဟု ဒေသခံတစ်ဦးဖြစ်သည် အလက်ဇန်ဒရာပရီတယ်က ဆိုသည်။ မိနစ်အနည်းငယ်ကြာမှ ဈေးတစ်ခုလုံး ပျက်စီးသွားခြင်းဖြစ်သည်ကို သိရသည်ဟု ၎င်းကဆိုခဲ့သည်။       

Most Read

Most Recent