တရုတ်နိုင်ငံထဲမှ မီးခိုးအထူထပ်ဆုံးမြို့တွင် ဒေါသထွက်မှုများ ဖြစ်ပေါ်နေစဉ် စာသင်ကျောင်းများ ပိတ်ခဲ့ရ

တရုတ်နိုင်ငံထဲမှ မီးခိုးအထူထပ်ဆုံးမြို့တွင် ဒေါသထွက်မှုများ ဖြစ်ပေါ်နေစဉ် စာသင်ကျောင်းများ ပိတ်ခဲ့ရ
Published 21 December 2016
Ref:AFP

တရုတ်နိုင်ငံတွင် မီးခိုးငွေ့အုံ့ဆိုင်းမှု အဆိုးရွားဆုံး ဖြစ်ပေါ်နေသည့် မြို့တွင် ဒီဇင်ဘာ ၂၁ ရက်က စာသင်ကျောင်းများကို ပိတ်ခဲ့ကြောင်း သိရသည်။ တရုတ်တွင် မီးခိုးငွေ့များ အုံ့ဆိုင်းမှု ဖြစ်ပေါ်နေသည်မှာ ခြောက်ရက်ကြာရှိပြီ ဖြစ်သည်။ ကလေးများ၏ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုဖြစ်နေသည့် ထိုမီးခိုးငွေ့များနှင့် ပတ်သက်၍ တုံ့ပြန်လုပ်ဆောင်မှု နှေးကွေးနေသည့်အတွက် ပြည်သူများ၏ ဒေါသထွက်မှုများမှာလည်း မြင့်တက်နေသည်။
လူပေါင်း သန်း ၄၆၀ ခန့် နေထိုင်သော တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ခုလုံးတွင် ဒီဇင်ဘာ ၁၆ ရက်ကတည်းက မီးခိုးငွေ့များဖြင့် အုံ့ဆိုင်းပြီး စိတ်ပျက်ဖွယ် ရာသီဥတုအခြေအနေ ဖြစ်နေခဲ့သည်။ ဟီပေပြည်နယ်၏ မြို့တော်စီကျာကျွမ်သည် အနီရောင် သတိပေးချက် ထုတ်ပြန်ခံရသည့် မြို့ပေါင်း ၂၀ ကျော်ထဲမှ တစ်ခုဖြစ်သည်။ အနီရောင်သတိပေးချက်ကြောင့် လေထုညစ်ညမ်းစေသည့် စက်ရုံများကို ပိတ်ခြင်း၊ လမ်းများပေါ်တွင် ကားသွားလာမှုကို ကန့်သတ်ခြင်း အပါအဝင် လေထုညစ်ညမ်းမှုကို လျှော့ချရန် အရေးပေါ်အစီအစဉ်များ ချမှတ်ခဲ့သည်။
ယခုလေထုညစ်ညမ်းမှုဖြစ်စဉ်တွင် လူဦးရေလျင်မြန်စွာ တိုးတက်နေသည့် စီကျာကျွမ်မြို့မှာ အဆိုးရွားဆုံး ဖြစ်နေသည်။ သို့သော် စီကျာကျွမ်ပညာရေးဌာနသည် အခြေအနေများကို စောင့်ကြည့်နေခဲ့ပြီး အိမ်နီးချင်းမြို့များဖြစ်သည့် ပေကျင်းနှင့် တီယန်ကျင်းတို့တွင် ကျောင်းများပိတ်လိုက်မှသာ စီကျာကျွမ်ထဲရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများသည် မိမိသဘောဆန္ဒအရ ပိတ်လိုက ပိတ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ 
ထိုထုတ်ပြန်ချက်သည် လူမှုမီဒီယာများပေါ်တွင် ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ “အလယ်တန်းကလေးတွေက လေသန့်စင်စက်တွေလား။ ကျုပ်တို့အားလုံး နေမကောင်းဖြစ်တော့မှာ အခြေအနေတွေကို ပြုပြင်ဖို့စောင့်နေကြတာလား” ဟု အသုံးပြုတစ်ဦးက ရေးသားခဲ့သည်။
စီကျာကျွမ်မြို့ အာဏာပိုင်များ၏ နှောင့်နှေးမှုသည် ပြည်သူများကိုသာမက အစိုးရမီဒီယာကိုပင် ဒေါသထွက်စေခဲ့သည်။ ကျောင်းများပိတ်ရန် တုံ့ဆိုင်းနေခဲ့သော စီကျာကျွမ် အာဏာပိုင်များကို ဝေဖန်ထားသည့် ဆောင်ပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၂၀ ရက်က ဆင်ဟွာတွင် ဖော်ပြခဲ့သည်။  

Most Read

Most Recent