အလက်ပိုတွင် ကျန်ရှိသောသူပုန်များ ထွက်ခွာရန် ဆီးရီးယားစစ်တပ် တိုက်တွန်း

အလက်ပိုတွင် ကျန်ရှိသောသူပုန်များ ထွက်ခွာရန် ဆီးရီးယားစစ်တပ် တိုက်တွန်း
ဒီဇင်ဘာ ၁၉ ရက်က အလက်ပိုအရှေ့ပိုင်းမှ ကယ်ထုတ်လာသည့် အရပ်သားများအား တင်ဆောင်လာသည့် ဘတ်စ်ကားများကို တွေ့ရစဉ်  (Photo: AFP)
ဒီဇင်ဘာ ၁၉ ရက်က အလက်ပိုအရှေ့ပိုင်းမှ ကယ်ထုတ်လာသည့် အရပ်သားများအား တင်ဆောင်လာသည့် ဘတ်စ်ကားများကို တွေ့ရစဉ် (Photo: AFP)
Published 21 December 2016
Ref: AFP

ဆီးရီးယားစစ်တပ်က စစ်ဒဏ်ကြောင့် ပျက်စီးနေသော အလက်ပိုမြို့အား အပြည့်အ၀ ထိန်းချုပ်ရန် ပြင်ဆင်နေစဉ် ယင်းမြို့ထဲရှိ သူပုန်များ ထိန်းချုပ်ထားခဲ့သော နေရာများတွင် နောက်ဆုံးကျန်ရှိသော သူပုန်များနှင့် အရပ်သားများအနေဖြင့် ထွက်ခွာကြရန် ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်တွန်းခဲ့သည်။ ယင်းမြို့ထဲရှိ သူပုန်ထိန်းချုပ်ထားသောအပိုင်းမှ လူများအား ရွှေ့ပြောင်းမှုများသည် ခြောက်နှစ်နီးပါး ကြာမြင့်လာခဲ့သော ဆီးရီးယားပြည်တွင်းစစ်အတွင်း အခရာကျသည့် အခိုက်အတန့်တစ်ခုအဖြစ် ရှုမြင်ခံရသည်။
ကယ်ထုတ်မှုများအား စောင့်ကြည့်ရန်အတွက် အလက်ပိုအရှေ့ပိုင်းသို့ စောင့်ကြည့်သူ ၂၀ စေလွှတ်ရန် ဆီးရီးယားအစိုးရနှင့် အခြားသက်ဆိုင်သည့်အဖွဲ့များက သဘောတူညီခဲ့ကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်  စတက်ဖနီဒူဂျာရစ်က ပြောကြားခဲ့သည်။ ရှုပ်ထွေးသော သံတမန်ရေးရာကြိုးပမ်းမှုများ အပြီးတွင် ဆီးရီးယား၏ အဓိကမဟာမိတ် ရုရှားနှင့် အီရန်၊ ဆီးရီးယားသူပုန်များအား ထောက်ခံသည့် တူရကီတို့က ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အာမခံပေးရန် သဘောတူခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲမှုအား တိုးချဲ့ရန်လည်း ယင်းသုံးနိုင်ငံတို့က သဘောတူခဲ့ကြောင်း လက်ရော့ဗ်က ပြောကြားခဲ့သည်။ အလက်ပို အရှေ့ခြမ်းမှ ကယ်ထုတ်မှုများသည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပြီးစီးသင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အလက်ပိုထဲရှိ အတိုက်အခံများ ထိန်းချုပ်ထားသည့် ခရိုင်များတွင် ကျန်ရှိနေသည့် တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများ ထွက်ခွာကြရန် စစ်သားများက အသံချဲ့စက်များဖြင့် ဆော်သြခဲ့ကြကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် ယင်းကယ်ထုတ်မှုများအား စတင်ခဲ့ပြီးနောက် လူ ၂၅၀၀၀ ထက်မနည်းသည် အလက်ပိုမှ ထွက်ခွာခဲ့ပြီး ဖြစ်ကြောင်း ယင်းအစီအစဉ်အား ကြီးကြပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအရ သူပုန်များ ပိတ်ဆို့ထားသော ဆီးရီးယား အနောက်မြောက်ပိုင်းရှိ ရှီအိုက်အများစု နေထိုင်သော Fuaa နှင့် Kafraya ရွာများမှ လူ ၇၅၀ ကိုလည်း ကယ်ထုတ်မှု တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြောင်း ယင်းကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် အင်ဂီဆက်ကီက ပြောကြားခဲ့သည်။
သို့သော် ဒီဇင်ဘာ ၂၀ ရက်တွင် ယင်းရွာနှစ်ရွာထဲသို့ ဘတ်စ်ကားအစီး ၂၀ ခန့် ဝင်ရောက်ခဲ့သော်လည်း ကယ်ထုတ်မှု ပြုလုပ်ခဲ့ရခြင်း မရှိကြောင်း၊ နှောင့်နှေးရသည့်အကြောင်းရင်းကို မသိရသေးကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ ညွှန်ကြားရေးမှူး အဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။ အလက်ပိုမှ ကယ်ထုတ်ခဲ့သူများတွင် ကလေးဒါဇင်နှင့်ချီ ပါဝင်သော အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်သူ ၃၀၀ ခန့် ပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။      

Most Read

Most Recent