ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့် ဦးမျိုးရန်နောင်သိန်းအား ရုံးထုတ်ခဲ့သော်လည်း အမှုတွဲမှာ ခရိုင်တရားရုံးသို့ ရောက်ရှိနေသောကြောင့် ရုံးပြန်ချိန်း

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့် ဦးမျိုးရန်နောင်သိန်းအား ရုံးထုတ်ခဲ့သော်လည်း အမှုတွဲမှာ ခရိုင်တရားရုံးသို့ ရောက်ရှိနေသောကြောင့် ရုံးပြန်ချိန်း
Published 21 December 2016
ဉာဏ်ဝင်းရှိန်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီး အရေးယူခံထားရသူ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား ကမာရွတ်မြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၂၁ ရက်က ရုံးထုတ်ခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါ ရုံးချိန်းတွင် အမှုတွဲမှာ အာမခံလျှောက်ထားမှုနှင့် ပတ်သက်ပြီး ခရိုင်တရားရုံးသို့ ရောက်ရှိနေသောကြောင့် အမှုစစ်ဆေးနိုင်ခြင်း မရှိဘဲ ဒီဇင်ဘာ ၂၇ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဦးမျိုးရန်နောင်သိန်းဘက်မှ လျှောက်ထားခဲ့သည့် အာမခံအား မြို့နယ်တရားရုံးမှ ပယ်ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားရာ လာမည့် ဒီဇင်ဘာ ၂၆ ရက် တွင် အမိန့်ချမှတ်မည် ဖြစ်သည်။
ယင်းအမှုဖြစ်စဉ်မှာ  Myo  Yan  Naung Thein  Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့် စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလို ပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို ကမာရွတ်မြို့မရဲစခန်းက (ပ) ၆၂၄/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဦးမျိုးရန်နောင်သိန်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လကျော်ကြာ အချုပ်နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။