မက္ကဆီကိုနိုင်ငံတွင် မီးရှူးမီးပန်းဈေးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၇၂ ဦး ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံတွင် မီးရှူးမီးပန်းဈေးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၇၂ ဦး ဒဏ်ရာရ
Published 21 December 2016
Ref: AFP

မက္ကဆီကိုနိုင်ငံရှိ အကြီးဆုံး မီးရှူးမီးပန်းဈေးတွင် ဒီဇင်ဘာ ၂၀ ရက်က အကြီးအကျယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၃၁ ဦးသေဆုံးပြီး ၇၂ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။
မြို့တော် မက္ကဆီကိုစီးတီး၏ ဆင်ခြေဖုံးရပ်ကွက် တယ်တီပက်တွင် ရောင်စုံမီးရှူးမီးပန်းများ အတွဲလိုက် ပေါက်ကွဲမှုကြောင့် မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပြီး မီးသတ်သမားများသည် မီးကို ထိန်းနိုင်ရန် ၃ နာရီကြာ ကြိုးစားခဲ့ရကြောင်း သိရသည်။
“မီးရှူးမီးပန်းတွေ အားလုံးပေါက်ကွဲပြီးတဲ့အချိန်ထိ စောင့်ပြီးမှ မီးသတ်သမားတွေဟာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဈေးတစ်ခုလုံး မီးလောင်ကျွမ်းခဲ့လို့ ပျက်စီးကုန်ပါပြီ”ဟု မြို့ပြကာကွယ်ရေးဌာန အကြီးအကဲ လူးဝစ်ဖိလစ်ပူရန်တီက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် နှစ်ကုန်တိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာပွဲတော်အတွက် ဈေးထဲတွင် မီးရှူး မီးပန်း ဝယ်သူများဖြင့် အလွန်စည်ကားနေချိန်ဖြစ်၍ လူသေဆုံး ထိခိုက်ဒဏ်ရာရမှု များပြားသွားခဲ့ခြင်းဟု အာဏာပိုင်များက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အလောင်း ၂၆ လောင်းကို ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရထားသော ၅ ဦးမှာ ဆေးရုံတွင် ထပ်မံသေဆုံးသွားခဲ့သည့်အတွက် စုစုပေါင်း သေဆုံးသူ ၃၁ ဦး ဖြစ်သွားကြောင်း မက္ကစီကိုပြည်နယ်အုပ်ချုပ်ရေးမှူး အီရူဗွီရယ်အဗွီလာက ပြောကြားသည်။
လူ ၇၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး အရေးပေါ်ခန်းကို ပို့ဆောင်ကာ ကုသမှုခံယူနေရကြောင်းလည်း ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
 ပေါက်ကွဲဖြစ်ပွားခဲ့သည့် နေရာတဝိုက်သို့ လူနာတင်ကားများ၊ မီးသတ်ကားများ၊ ရဲကားများနှင့် စစ်ကားများ အများအပြားရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သေဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာရခဲ့သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အလွန်ဝမ်းနည်းကြေကွဲရပါ ကြောင်း မက္ကဆီကိုသမ္မတ အန်းနရစ်ပီနာနီတိုက တွစ်တာတွင် ရေးသားခဲ့သည်။
လက်တင်အမေရိကနိုင်ငံအများအပြား၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များတွင် မီးရှူးမီးပန်းများ ပစ်လွှတ်လေ့ရှိပြီး ပေါက်ကွဲမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent