ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်တွင် ကျောင်းသူနှစ်ဦး မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွား

ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်တွင် ကျောင်းသူနှစ်ဦး မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွား
Published 21 December 2016
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွာမရပ်ကွက်၊ သော်ကလမ်းတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၁၇ နှစ်အရွယ် နဝမတန်း ကျောင်းသူတစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူတစ်ဦးတို့ နေအိမ်အတွင်း၌ မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့တွင် အဆိုပါရပ်ကွက်နေ မဖြူနှင်းစန်းမှာ ကစားရန်အတွက် သူငယ်ချင်းဖြစ်သူ မချစ်စုဝေ၏ နေအိမ်သို့ သွားရောက် ခေါ်ယူရာတွင် ခေါ်ယူ၍ မရသောကြောင့် ဦးလေးဖြစ်သူ ကိုချစ်စမ်းမောင်အား ပြန်လည်ခေါ်ယူပြီးနောက် မချစ်စုဝေ၏ နေအိမ်တံခါးသို့ တွန်းဖွင့်ကာ ဝင်ရောက်ခေါ်ယူရာတွင် မချစ်စုဝေ၏ အမတော်စပ်သူများဖြစ်သည့် ရွှေလောင်း အခြေခံပညာ အထက်ကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသော နဝမတန်းကျောင်းသူ မတင်တင်ခိုင် အသက် ၁၇ နှစ် (ဘ) ဦးစန်းထွေးနှင့် ယင်း၏ ညီမဝမ်းကွဲ တော်စပ်သူ အဋ္ဌမတန်းကျောင်းသူ မယဉ်နွယ်ထွန်း အသက် ၁၆ နှစ် (ဘ) ဦးအောင်သန်းဇော်တို့မှာ အဘိုးဖြစ်သူ ဦးတင်ထွန်း၏ နေအိမ်တွင်းရှိ ထုတ်တန်းတွင် ဘေးချင်းယှဉ်လျှက် ပလပ်စတစ်ကြိုးဖြင့် မိမိကိုယ်ကို ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ မချစ်စုဝေမှာမူ နေအိမ်အတွင်းရှိ အခန်းတွင်း၌ အိပ်ပျော်နေသည်ကို တွေ့ရှိရသောကြောင့် ပတ်ဝန်းကျင် နေထိုင်သူများကို အကြောင်းကြားခဲ့ရကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် မတင်တင်ခိုင်၊ မယာဉ်နွယ်ထွန်း၊ မချစ်စုဝေတို့၏ အဖိုးဖြစ်သူ ဦးတင်ထွန်းမှာ ရန်ကုန်မြို့၌ အလုပ်သွားရောက် လုပ်ကိုင်နေကြောင်း သိရသည်။“ကလေးတွေက မိဘတွေက အခြားအိမ်ထောင်နဲ့ဆိုတော့ ခွဲနေကြတယ်၊ အဘိုးအဖွားကလည်း အခြားမှာ အလုပ် သွားလုပ်ကြတယ်ဆိုတော့ ကလေးတွေချည်းပဲ အိမ်မှာ ရှိတာ၊ ကလေးတွေကို အခြားသော ဒဏ်ရာတွေ မတွေ့ဘူး ဆွဲကြိုးချ ပြုလုပ်ထားတဲ့ လည်ပင်းရိုးပြုတ်ထွက်တဲ့ ဒဏ်ရာပဲ ရှိပါတယ်” ဟု မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိ တစ်ဦးက ပြောသည်။အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ရွှေလောင်းနယ်မြေ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။