ပဲခူးတိုင်းဒေသကြီးတွင် ရဲတပ်ကြပ်တစ်ဦးအား ကတ်ကြေးဖြင့်ထိုးပြီး ယာဉ်အား မောင်းနှင်ထွက်ပြေးစဉ် တပ်မတော်သား တစ်ဦးအား ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ကဝမြို့မရဲစခန်းမှ သိရသည်။
ဒီဇင်ဘာ ၁၆ ရက် ညနေ ၅နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ရပ်ကွက် (၅)တွင် မော်တော်ယာဉ်တစ်စီးသည် ဆိုင်ကယ်အား ဝင်တိုက်မိသဖြင့် အဆိုပါ မော်တော်ယာဉ်မှ ယာဉ်မောင်း ဦး....(၄၉ နှစ်)၊ လိုက်ပါ စီးနင်းလာသည့် ကို... (၂၅ နှစ်)နှင့် ကို....(၃၀ နှစ်)တို့သည် ဆိုင်ကယ်ပိုင်ရှင်တို့ နှင့် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စကားများ ရန်ဖြစ်သည့်အနီးတွင် နေထိုင်သည့် ရဲတပ်ကြပ် တစ်ဦးသည် အဆိုပါဖြစ်စဉ်အား ဝင်ရောက်ထိန်းသိမ်း ဖြေရှင်းပေးစဉ် ဦး....(၄၉ နှစ်) မှာ ယင်း ရဲတပ်ကြပ်အား ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ကဝမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဖြစ်တာကတော့ မော်တော်ယာဉ်က ယာဉ်မောင်းနဲ့ ပါလာတဲ့ နှစ်ယောက်က ပရဟိတအလုပ် လုပ်တာ။ အဲဒီနေ့က သူတို့က ကားနဲ့ အလောင်းလာပို့တာလို့ သိရတယ်။ပို့ပြီးအပြန်မှာ အရက် ဝင်သောက်ခဲ့ကြတယ်။ အရက်သောက်ပြီး အပြန်မှာ ကားကို မောင်းလာရင်း လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တော့ ဆိုင်ကယ်ပိုင်ရှင်နဲ့ သူတို့သုံးယောက် စကားများကြတယ်။ ရန်ဖြစ်မလို ဖြစ်တဲ့အချိန်မှာ အဲဒီနားမှာနေတဲ့ ရဲတပ်ကြပ်က ဝင်ဖြေရှင်းပေးတာ။ ဝင်ဖြေရှင်းတဲ့အချိန်မှာ ယာဉ်မောင်းက အဲဒီရဲတပ်ကြပ်ကို ကတ်ကြေးနဲ့ထိုးတာ။ အဲဒီလိုထိုးခံရတဲ့ ရဲတပ်ကြပ်ကတော့ ဝဲဘက်နံဘေးအောက်မှာ တစ်လက်မလောက် ပြတ်ရှဒဏ်ရာ ရသွားပါတယ်။ အခု သူ့ကို ပဲခူးဆေးရုံမှာ တင်ထားပါတယ်”ဟု ကဝမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ထိုသို့ ကတ်ကြေးဖြင့် ထိုးပြီးသည့်အချိန်တွင် ၎င်းတို့ သုံးဦးမှာ ယာဉ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းသို့ ၎င်းတို့ သုံးဦး မောင်းနှင်သွားသည့် မော်တော်ယာဉ်အား အင်းတကော်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကဝမြို့မရဲစခန်းမှ သိရသည်။
ယင်းသို့ ဖမ်းဆီးရမိသည့် အချိန်တွင် ယာဉ်မောင်းဖြစ်သူ ဦး....(၄၉ နှစ်)အား သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ လက်ထိပ်ခတ်နေသည့် အချိန်၌ ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသည့် အမျိုးသားနှစ်ဦးထဲမှ တစ်ဦးက ယာဉ်အား ထပ်မံ မောင်းနှင်ထွက်ပြေးစဉ် လမ်းဘေးတွင် ဖွင့်ထားသည့် ဆေးဆိုင်ကို ဝင်တိုက်မိခဲ့ပြီး တပ်မတော်သား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဝင်တိုက်မိခဲ့ကြောင်း ကဝမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ယာဉ်မောင်းနဲ့ အင်းတကော်မှာ ကားကို ထွက်ပြေးမောင်းနှင်သွားတဲ့ တစ်ယောက်ကိုတော့ ဖမ်းဆီးရမိထားပါတယ်။ ကျန်တဲ့ တစ်ယောက်ကတော့ ထွက်ပြေးသွားပါတယ်” ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ ကျုးလွန်ခဲ့သည့် အမျိုးသားသုံးဦးမှာ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့အား ကဝမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရဲတပ်ကြပ်အား ကတ်ကြေးဖြင့် ထိုးပြီး မောင်းနှင် ထွက်ပြေးစဉ် တပ်မတော်သား တစ်ဦးအား တိုက်မိမှုဖြစ်ပွား