ဒီဇင်ဘာ ၁၇ ရက်၌ ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၁၁၃၀ ကျော်တွင်သာ ဆက်လက်ရှိနေသော်လည်း ဒေါ်လာဈေး မြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း တက်ရိပ်ပြလာကာ ကျပ် ၈၆၇၀၀၀ အထိ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက်က ကမ္ဘာ့ရွှေဈေး ၁၂၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ၁၁၃၄ ဒေါ်လာ ဝန်းကျင်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်က ၁၃၃၇ ဒေါ်လာအထိ မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန်တွင် ဆက်တိုက်ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ဒေါ်လာ ၁၂၂၀ ကျော်၊ နိုဝင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂၁၀ ကျော်၊ နိုဝင်ဘာ ၂၅ ရက် တွင် ဒေါ်လာ ၁၁၇၀၊ ဒီဇင်ဘာ ၉ ရက်တွင် ဒေါ်လာ ၁၁၅၀ ကျော်၊ ဒီဇင်ဘာ ၁၅ ရက် တွင် ၁၁၂၀ ကျော်အထိ ဆက်လက်ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထိုးမဆင်းဘဲ ကျပ် ၈၅၀၀၀၀ ကျော်တွင် ဆက်လက်ရှိခဲ့ကာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၈၆၀၅၀၀ အထိ၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျပ် ၈၆၇၀၀၀ အထိမြင့်တက်လာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းများမှာ ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၈၅၇၂၀၀ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၈၅၈၀၀၀ ကျပ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၈၅၈၇၀၀ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၈၅၉၃၀၀ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၈၆၀၅၀၀ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကျပ် ၈၆၂၂၀၀ ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျပ် ၈၆၇၀၀၀ ကျပ်တို့ ဖြစ်သည်။










