ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၄၃၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
အမေရိကန်နိုင်ငံ၏ အတိုးနှုန်းမြှင့်တင်မှု ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်က ဒေါ်လာဈေး အညွှန်းကိန်း ၁၀၂ ဒသမ ၄၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၁၀၃ ဒသမ ၅၀ အထိ စံချိန်တင်ဈေးနှုန်းအဖြစ် ရောက်ရှိခဲ့ကာ မွန်းလွဲပိုင်းတွင် ၁၀၂ ဒသမ ၉၈ ပွိုင့်အထိ ပြန်လည် ကျဆင်းခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အားကောင်းလာခြင်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင်လည်း ဒီဇင်ဘာ ၁၅ ရက်က သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ဒေါ်လာဈေး ကျပ် ၁၄၀၀ ကျော်ကို ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းသည် သုံးရက်ဆက်တိုက် စံချိန်တင်နှုန်းထားများအဖြစ် ခုန်တက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်က ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်က ၁၄၁၈ ကျပ်တို့ကို ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈ ကျပ်နှုန်းဖြင့် သုံးရက်ဆက်တိုက် မြင့်တက်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၁၀ ရက်တွင် ၁၃၇၇ ကျပ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၃၇၈ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၁၃၈၆ ကျပ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၁၃၈၅ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၄၃၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၄၂၅ ကျပ်ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ် အဖြစ် ၁၅ ကျပ် မြှင့်တင်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၇ ရက် တွင် ၁၃၁၅ ကျပ်၊ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက် အတွင်း ကျပ် ၁၃၂၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး လေးရက်ဆက်တိုက် တိုးမြှင့်ခဲ့ခြင်း ဖြစ်သော်လည်း ပြင်ပဈေးကွက် ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ကျပ် ၆၀ ကျော်ကွာဟနေကြောင်း သိရသည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံး ဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်သည်။ အဆိုပါ အနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၂၈၅ ကျပ် အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ ၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဆက်တက်ပြီး တစ်ဒေါ်လာ ၁၄၃၈ ကျပ်သို့ရောက်ရှိ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက နိုင်ငံခြားငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)