မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ သန်းဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန် ကုန်သွယ်မှု ပြုလုပ်လျက်ရှိ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ သန်းဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန် ကုန်သွယ်မှု ပြုလုပ်လျက်ရှိ
Published 13 December 2016
နီလာ

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ သန်း ဝန်းကျင်ဖြင့် နေ့စဉ်ကုန်သွယ်မှု ပြုလုပ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားသည်။
“မူဆယ်နယ်စပ်က လက်ရှိမှာ ပုံမှန်ကုန်သွယ်မှု အခြေအနေ ပြန်ရောက်သွားပြီ။ နောက်တစ်ခုက ၁၁ ရက်ကစပြီး သစ်သီး အရောင်းအဝယ်ကို မူဆယ် သစ်သီးပွဲရုံတန်းမှာပဲ ပြန်လုပ်နေပြီ။ တရုတ်နိုင်ငံသားတွေက ဒီဘက်ကိုလာပြီး သစ်သီးအရောင်းအဝယ် ပြုလုပ်နေကြပြီ။ အရင်ကတော့ ဝမ်တိန်ဘက်ကို သွားပြီး အရောင်းအဝယ် လုပ်နေကြပြီ” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
“ကုန်သွယ်မှု အခြေအနေက ပုံမှန်အတိုင်းပဲ နေ့စဉ် ကားအစီးရေ ထောင်ကျော်လောက် ပို့ကုန်ရော သွင်းကုန်ရော ကားအစီးရေ ထောင်ကျော်နဲ့ နေ့စဉ်ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၁၀ ဝန်းကျင်နဲ့ ပုံမှန်ကုန်သွယ်မှု ပြုလုပ်နေပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ် စပ်ကုန်သွယ်ရေး စခန်းသည် မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်း နီးပါးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ တစ်ရက်ပျမ်းမျှ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်ပါက တစ်နေ့လျှင် ဒေါ်လာ ၁၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂ အထိ မူဆယ်နယ်စပ် ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၁၄ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ မူဆယ်နယ်စပ် စခန်း၏ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၂၈၃ ဒသမ ၈၂၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၄၉၈ ဒသမ ၇၈၅ သန်းရှိသဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၄ ဒသမ ၉၅၈ သန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်မှ စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ မရှိသလောက် ဖြစ်ပွားကာ ကုန်စည်ကူးသန်းမှုများ ရပ်တန့်ခဲ့သည်။ ထို့နောက် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

Most Read

Most Recent