ကာတာက အငြင်းပွားဖွယ် အလုပ်သမားရေးရာစနစ် ကာဖလာကို ဖျက်သိမ်း

ကာတာက အငြင်းပွားဖွယ် အလုပ်သမားရေးရာစနစ် ကာဖလာကို ဖျက်သိမ်း
Published 13 December 2016

အငြင်းပွားစရာဖြစ်နေသော အလုပ်သမားရေးရာစနစ် ကာဖလာကို ဖျက်သိမ်းကြောင်း ကာတာက ဒီဇင်ဘာ ၁၂ တွင် ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင် နိုင်ငံအတွက် အကြီးမားဆုံးသော အလုပ်သမား ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၃ မှစ၍ ကာဖလာ စည်းမျဉ်းများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီး အီဆာဗင်ဆာအိအယ်ဂျာဖာလီအယ်နူအာမီက ကြေညာခဲ့သည်။
သဘာဝဓာတ်ငွေ့ ကြွယ်ဝသော ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာ၏ ၂ ဒသမ ၁ သန်းသော နိုင်ငံခြား အလုပ်သမားများအတွက် ကန်ထရိုက်အခြေပြု အငှားစနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အလုပ်သမား ရေးရာဝန်ကြီးက ပြောကြားခဲ့သည်။
ကာဖလာစနစ်အရ ကာတာရှိ နိုင်ငံခြား အလုပ်သမားအားလုံးသည် ကုမ္ပဏီအနေနှင့်ဖြစ်စေ၊ တစ်ဦးချင်းအနေနှင့်ဖြစ်စေ ဒေသခံတစ်ဦး၏ ထောက်ခံမှုလိုအပ်ပြီး အလုပ်အကိုင်ရွှေ့ပြောင်းရန်နှင့် နိုင်ငံမှထွက်ခွာရန်အတွက် ယင်းထောက်ခံသူ၏ ခွင့်ပြုချက် လိုအပ်သည်။
ယင်းစနစ်သည် ခေတ်သစ်ကျွန်စနစ်နှင့်တူပြီး အလုပ်သမားများအား အကာအကွယ်မဲ့ဖြစ်စေကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများအတွက် လမ်းပွင့်သွားကြောင်း ဝေဖန်သူများက နှိုင်းယှဉ်ပြောကြားကြသည်။ ဥပဒေသစ်အရ ကာတာရှိ ရွှေ့ပြောင်းအလုပ် သမားတိုင်းအတွက် အခွင့်အရေးကို တိုးတက်စေမည်ဖြစ်ကြောင်းနှင့် ကာကွယ်ပေးမည်ဖြစ်ကြောင်း နူအာမီက ပြောကြားခဲ့သည်။ ခေတ်မီပြုပြင်ပြောင်းလဲထားသော ကန်ထရိုက်အခြေပြုစနစ်က အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဖြစ်ပြီး အလုပ်အကိုင်ဈေးကွက်တွင် ပြောင်းလဲပြင်လွယ်ရှိမှုကိုလည်း မြင့်တက်စေမည် ဖြစ်ကြောင်း သူကပြောကြားခဲ့သည်။
အလုပ်သမားများသည် နေရပ်ပြန်ရန်အတွက် အလုပ်ပေးသူ၏ ခွင့်ပြုချက်ကို လိုအပ်ဦးမည်ဖြစ်သော်လည်း ကာဖလာစနစ်အရ ကာတာနိုင်ငံမှ ထွက်ခွာရန်အတွက် လိုအပ်သည့် ထွက်ခွာခွင့်ဗီဇာကို ဖျက်သိမ်းသွားမည် ဖြစ်သည်။ ထွက်ခွာခွင့် မရရှိသူများအတွက် အယူခံကော်မတီကိုလည်း တည်ထောင်ထားပြီး ဒီဇင်ဘာ ၁၃ ရက်တွင် စတင်လည်ပတ်မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ကာတာ၏ အလုပ်သမားဥပဒေများကို နိုင်ငံတကာက ရှုတ်ချခဲ့ကြပြီး ကာဖလာစနစ်သည် အဓိက ဝေဖန်ခံခဲ့ရသည်။ ကာတာ၏ ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားအများစုက ၎င်းတို့သည် အမှန်တကယ်ရသည်ထက် ပို၍ရမည်ဟု ဆွဲဆောင်ခံခဲ့ရကြောင်း တိုင်တန်းခဲ့ကြသည်။ Ref ; AFP

Most Read

Most Recent