ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပါသော လူနေအိမ်ခန်း အခန်းပေါင်း ၁၅၀၀၀ ကျော် ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထား ပြီးခဲ့သည့် သုံးလပတ်ကထက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်း

ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပါသော လူနေအိမ်ခန်း အခန်းပေါင်း ၁၅၀၀၀ ကျော် ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထား ပြီးခဲ့သည့် သုံးလပတ်ကထက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်း
Published 13 December 2016
စည်သူအောင်

၂၀၁၆ ခုနှစ် တတိယ သုံးလပတ်၌ ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပါသော လူနေအိမ်ခန်း အခန်းပေါင်း ၁၅၀၀၀ ကျော် ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထားမှာ ပြီးခဲ့သည့် သုံးလပတ်ကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သော Colliers International မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ် တတိယသုံးလပတ် အစီရင်ခံစာအရ သိရသည်။
ရန်ကုန်မြို့၏ ဝန်ဆောင်မှုပါသော လူနေအိမ်ခန်းများဆိုင်ရာ ရောင်းကုန်လက်ကျန်သည် Pyay Garden Residence ဖွင့်လှစ်ပြီးနောက် အခန်းပေါင်း ၁၅၀၀၀ ကျော်ဖြင့် သုံးလပတ်အလိုက် ၁၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး ယခင် သုံးလပတ်တွင်လည်း အခန်းပေါင်း ၅၆ ခန်းပါရှိသော Clover Suites Royal Lake ၏ မိတ်ဆက်မှုကြောင့် အခန်းအရေအတွက် တိုးတက်ခဲ့သည်။
လာမည့် လေးနှစ်တာ အချိန်ကာလအတွင်း ဈေးကွက်ဝင်လာမည့် အခန်းပေါင်း ၃၀၀၀ ကျော် ရှိနိုင်သောကြောင့် ဝန်ဆောင်မှုပါသော လူနေအိမ်ခန်းများ ထွက်ရှိမှု အားကောင်းနေမည်ဖြစ်သည်။ ယင်းပြီးစီးမည့် အခန်းများအနက် အများစုသည် အဆင့်မြင့်တန်းသို့ ဝင်ရောက်မည် ဖြစ်သောကြောင့် အကန့်အသတ်ရှိသည့် ဝန်ဆောင်မှု ပါရှိသော အိမ်ခန်းများ သို့မဟုတ် အလယ်အလတ်တန်းစား ဝန်ဆောင်မှုပါသော လူနေအိမ်ခန်း အရေအတွက်များ ဈေးကွက်တွင် နည်းပါးလာမည်ဟု Colliers က ခန့်မှန်းထားသည်။
၂၀၁၆ ခုနှစ် တတိယ သုံးလပတ်အတွင်း ဝယ်လိုအား အနေအထားမှာ ဝန်ဆောင်မှုပါသော အခန်းများတွင် ငှားရမ်းနေထိုင်မှု နှုန်းထားသည် သုံးလပတ်အလိုက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းနေသော်လည်း လာမည့် သုံးလပတ်အတွင်း ပြန်လည်အားကောင်းနိုင်သောကြောင့် ထိုကျဆင်းမှုမှာ ယာယီသဘောသာ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၇ ခုနှစ် ပထမ သုံးလပတ်တွင် စတင်မိတ်ဆက်မည့် Daewoo Amara Services Apartments မှ အခန်းများကို ထည့်ပေါင်းပါက အခန်းငှားရမ်းနေထိုင်မှု ရာခိုင်နှုန်းတွင် ထပ်မံကျဆင်းမှုသို့ ဦးတည်နေသော်လည်း အာမခံလုပ်ငန်း ကဏ္ဍ၏ ဝင်ရောက်မှုနှင့် အခြားဈေးကွက်များ အကြားတွင် ဘဏ္ဍာရေးဈေးကွက် ဆက်လက်ကျယ်ပြန့်မှုအားတို့ဖြင့် ပြန်လည်မြင့်တက်နိုင်သည်ဟု မျှော်မှန်းထားသည်။
လက်ရှိ အခန်းငှားရမ်းသူများသည် အိုဟောင်းပြီး ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းသော ဝန်ဆောင်မှုပါသည့် အခန်းများမှ ပိုမိုခေတ်မီပြီး ပိုမိုအရည်အသွေးကောင်းသည့် အလယ်အလတ်တန်းစား စီမံကိန်းများကို ပိုမို ရွေးချယ်လာကြကြောင်း သိရသည်။ ဝန်ဆောင်မှုပါသော လူနေအိမ်ခန်းများဆိုင်ရာ ဈေးကွက်တွင် ဘဏ္ဍာငွေ သုံးစွဲမှုသည် အရည်အသွေး ကောင်းမွန်သော အခန်းများအတွက် ပိုမို များပြားလာသော်လည်း အခြားတစ်ဖက်တွင်လည်း အရည်အသွေး အနည်းငယ်နိမ့်သော အလယ်အလတ်တန်းစား လူနေအိမ်ခန်းများကလည်း အဓိကကျသည့် ဝယ်လိုအား တစ်ရပ်အဖြစ် ကျန်ရှိဦးမည်ဟု Colliers က သုံးသပ်ထားသည်။

Most Read

Most Recent