ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဂူတာရက် ကျမ်းသစ္စာကျိန်ဆိုပြီး ပြုပြင်ပြောင်းလဲမှုများလုပ်မည်ဟု ကတိပေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဂူတာရက် ကျမ်းသစ္စာကျိန်ဆိုပြီး ပြုပြင်ပြောင်းလဲမှုများလုပ်မည်ဟု ကတိပေး
Published 13 December 2016

အန်တိုနီယိုဂူတာရက်သည် ကုလသမဂ္ဂ၏ ကိုးဦးမြောက် အတွင်းရေးမှူးချုပ်အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဂူတာရက်က ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂသည် ဆီးရီးယားစစ်ပွဲကဲ့သို့ ကမ္ဘာ့ပြဿနာများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် ပြောင်းလဲရမည်ဟုလည်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ညီလာခံဥက္ကဋ္ဌဖြစ်သူ ပီတာသော်မဆင်က ကြီးမှူးကျင်းပသော အခမ်းအနား၌ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်သည် ကုလသမဂ္ဂ အခြေခံဥပဒေပေါ်တွင် လက်တင်၍ ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။
ဂူတာရက်သည် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် တာဝန်ကိုယူရသည့် ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ဆီးရီးယားစစ်ပွဲအတွင်း သွေးချောင်းစီးသည့် ကိစ္စများ ဆက်လက်ဖြစ်ပေါ်နေပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ကမ္ဘာ့ဇာတ်ခုံပေါ်၌ အမေရိကန်၏ အနေအထားမှာ မည်သို့ဖြစ် လာမည်ကို မေးခွန်းထုတ်နေကြစဉ် ဂူတာရက်သည် အတွင်းရေးမှူးချုပ်ရာထူးကို ဇန်နဝါရီ ၁ ရက်၌ ဘန်ကီမွန်ထံမှ လွှဲယူမည်ဖြစ်သည်။
“ဒီအဖွဲ့အစည်းဟာ ဘက်ပေါင်းစုံပါဝင်မှုရဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ဖြေရှင်းနိုင်တာထက် ကျော်လွန်နေပါပြီ။ ကုလသမဂ္ဂဟာ ပြုပြင်ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ရပါတော့မယ်” ဟု ဂူတာရက်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အသက် ၆၇ နှစ်အရွယ် ဆိုရှယ်လစ်နိုင်ငံ ရေးသမားဂူတာရက်က ပဋိပက္ဓများမဖြစ်အောင် မတားဆီးနိုင်ခဲ့ခြင်းမှာ ကြီးမားသည့် ကုလသမဂ္ဂ၏အားနည်းချက် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အားနည်းချက်ကိုသိပြီး ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်းလည်းဆိုသည်။ ခြောက်နှစ်နီးပါးကြာ ဆီးရီးယား စစ်ပွဲ၌ အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်လာနိုင်စေမည့် ဆီးရီးယား အစိုးရလက်ထဲသို့ အလက်ပိုမြို့ ပြန်ရောက်တော့မည့်ဆဲဆဲ အချိန်တွင် ကုလသမဂ္ဂဒုက္ခသည် အကြီးအကဲအဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့သော ဂူတာရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ငါးနှစ်ကြာသက်တမ်းကို နှစ်ကြိမ်ထမ်းဆောင်ခဲ့သည့် တောင်ကိုရီးယားလူမျိုး အသက် ၇၂ နှစ်အရွယ် ဘန်ကီမွန်ထက်ပို၍ ကြိုတင်လက်ဦးမှုရယူသည့် ပုံစံမျိုးဖြင့်သွားမည်ဖြစ်ကြောင်း ဂူတာရက်က အရိပ်အမြွက် ပြောကြားခဲ့သည်။
ဂူတာရက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရခြင်းက ၎င်းကို ကျွမ်းကျင်သည့် နိုင်ငံရေးသမား တစ်ဦးအဖြစ် ရှုမြင်နေသည့် ကုလသမဂ္ဂသံတမန်များအတွက် အားတက်စရာဖြစ်လာခဲ့သည်။
ဂူတာရက်သည် ၎င်း၏ငါးနှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ခြင်း၊ တည်တံ့သောဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးခြင်း၊ ကုလသမဂ္ဂ၏ အတွင်းပိုင်းစီမံခန့်ခွဲမှုကို တိုးတက်အောင် လုပ်ဆောင်ခြင်းဆိုသည့် ကိစ္စသုံးရပ်ကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချပြခဲ့သည်။ သက်တမ်း ၇၁ နှစ်ကြာပြီဖြစ်သည့် ကုလသမဂ္ဂသည် ကမ္ဘာတစ်ဝန်းမှ အရေးပေါ်ကိစ္စများတွင် တုံ့ပြန်ဖြေရှင်းရန် ကြန့်ကြာမှုများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ Ref;AFP                                                  

Most Read

Most Recent