ခရစ်ယာန်ဘာသာဝင် ဂျကာတာပြည်နယ် အုပ်ချုပ်ရေးမှူးအား ဘာသာရေးစော်ကားမှုဖြင့် ရုံးတင်စစ်ဆေး

ခရစ်ယာန်ဘာသာဝင် ဂျကာတာပြည်နယ် အုပ်ချုပ်ရေးမှူးအား ဘာသာရေးစော်ကားမှုဖြင့် ရုံးတင်စစ်ဆေး
Published 13 December 2016

ဒီဇင်ဘာ ၁၃ ရက်တွင် ခရစ်ယာန်ဘာသာဝင် ဂျကာတာပြည်နယ် အုပ်ချုပ်ရေးမှူးအား ဘာသာရေးစော်ကားမှုဖြင့် ရုံးတင်စစ်ဆေးခဲ့ပြီး မွတ်စလင်အများစု နေထိုင်သော အင်ဒိုနီးရှားနိုင်ငံတွင် သည်းမခံနိုင်မှုများ ကြီးထွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း ဂျကာတာ အုပ်ချုပ်ရေးမှူးဖြစ်လာသည့် ပထမဆုံး ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဘာဆူကီဂျာဟာဂျာပါနားမားသည် ကိုရန်ကျမ်းကို စော်ကားသည်ဟူသော စွဲချက်ဖြင့် ရုံးတင်စစ်ဆေး ခံရခြင်းဖြစ်ပြီး ယင်းပြစ်မှုသည် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရနိုင်သည်။
အင်ဒိုနီးရှားနိုင်ငံတစ်လွှားရှိ မွတ်စလင်များကို ဒေါသထွက်စေခဲ့ပြီး ဆယ်စုနှစ် နှစ်ခု ကြာနီးပါးအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲများအဖြစ် ဂျကာတာမြို့ လမ်းများပေါ်တွင် လူပေါင်းသိန်းနှင့်ချီသော ဆန္ဒပြပွဲများကို ဖြစ်စေခဲ့သည့် သူ၏ အငြင်းပွားဖွယ် မှတ်ချက်စကားများအတွက် ဂျကာတာအုပ်ချုပ်ရေးမှူးက ပြန်လည်တောင်းပန်ခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် တရားရုံး၌ အမှုရင်ဆိုင်ရာတွင် ဂျကာတာအုပ်ချုပ်ရေးမှူးသည် သူ့အား စွဲဆိုထားမှုများကို စိတ်ခံစားမှုပြင်းပြစွာဖြင့် ခုခံချေပခဲ့ပြီး သူ့ကိုယ်သူ ထိန်းနိုင်ရန် ကြိမ်ဖန်များစွာ ရပ်နားမှု ပြုလုပ်ခဲ့သည်။
“ကိုရန်ကျမ်းရဲ့ မြင့်မြတ်တဲ့စာပိုဒ်တွေကို လေးစားရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အစ္စလာမ်ဘာသာကို စော်ကားတယ်လို့ ကျွန်တော့်ကို ဘာလို့ပြောနိုင်သလဲဆိုတာတော့ ကျွန်တော် နားမလည်ပါဘူး” ဟု ပါနားမားက လက်ကိုင်ပဝါဖြင့် သူ၏မျက်လုံးများအား တို့ကာတို့ကာဖြင့် ပြောကြားခဲ့သည်။
အေဟွက်ဟု နာမည်ပြောင်ဖြင့် ထင်ရှားသော ပါနားမားသည် ဂျကာတာ အုပ်ချုပ်ရေးမှူးနေရာအတွက် ရွေးကောက်ပွဲအကြို မဲဆွယ်မှုပြုလုပ်ရာတွင် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားသော ကိုရန်ကျမ်းစာကို ကိုးကားခဲ့ခြင်းဖြင့် စက်တင်ဘာလအတွင်း ဝေဖန်မှုများ သောသောညံစေခဲ့သည်။
သူ့အား မဲမပေးကြစေရန်အတွက် မွတ်စလင်များသည် မွတ်စလင်မဟုတ်သူများကို ခေါင်းဆောင်အဖြစ် မရွေးချယ်သင့်ကြောင်း  ညွှန်းဆိုသော ကိုရန်ကျမ်းပါ စာသားတစ်ရပ်ကို သူ၏ အတိုက်အခံများက အသုံးပြုနေသည်ဟု ပါနားမားက စွပ်စွဲခဲ့သည်။
တရားစွဲဆိုသူ  အလီမူကာတိုနိုက ဂျကာတာအုပ်ချုပ်ရေးမှူးသည် မုသားတစ်ရပ်ကို ပြောဆိုခြင်းဖြစ်ပြီး အင်ဒိုနီးရှားထိပ်တန်း ဘာသာရေးကောင်စီကသူ၏ မှတ်ချက်စကား ကို ဘာသာရေးစော်ကားမှုဟု ကြေညာခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ပါနားမား၏ ရှေ့နေများက ၎င်းတို့၏ အမှုသည် သည် ဘာသာရေးစော်ကားမှုပြုလုပ်ရန် မည်သည့်အခါကမျှ ရည်ရွယ်ခဲ့ခြင်းမရှိကြောင်းနှင့် ပါနားမား၏ အမှုအား အတင်းအဓမ္မ အလျင်အမြန် စစ်ဆေးမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်း စုဝေးခဲ့သော ဆန္ဒပြသူများ၏ ဖိအားပေးမှုအောက် ရောက်ရှိနေသော သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ရဲတပ်ဖွဲ့တို့က ယခုအမှုကို အလျင်အမြန် ဖြေရှင်းပေးမည်ဟု ကတိပြုထားကြသည်။
အုပ်ချုပ်ရေးမှူး၏ ရန်သူတော်များသည် ဖေဖော်ဝါရီ ရွေးကောက်ပွဲမတိုင်မီ ပါနားမားအား လူထုထောက်ခံမှု ကျဆင်းအောင် ဒေါသများကို ဆွပေးနေခြင်း ဖြစ်သောကြောင့်  ယခုအငြင်းပွားမှုသည် ဘာသာရေးထက် နိုင်ငံရေးနှင့်သာ များစွာပို၍ ပတ်သက်နေသည်ဟု ဆိုကြသည်။ Ref ; AFP                  

Most Read

Most Recent