ဆီးရီးယားစစ်တပ်က အလက်ပိုကို ပိုမိုချုပ်ကိုင်လာနိုင်သော်လည်း ပါမီယာမြို့ထဲသို့ IS များ ပြန်ရောက်လာ

ဆီးရီးယားစစ်တပ်က အလက်ပိုကို ပိုမိုချုပ်ကိုင်လာနိုင်သော်လည်း ပါမီယာမြို့ထဲသို့ IS များ ပြန်ရောက်လာ
Published 11 December 2016
Ref: AFP

ဆီးရီးယားစစ်တပ်သည် အလက်ပိုမြို့ထဲတွင် ပိတ်မိနေသော ဆီးရီးယားသူပုန်များကို ဒီဇင်ဘာ ၁၀ ရက်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားနိုင်ခဲ့သော်လည်း ဆီးရီးယား ရှေးဟောင်းမြို့ ပါမီယာ၏ နေရာအများအပြားကို ဂျီဟတ်များက ပြန်လည် သိမ်းယူနေကြကြောင်း သိရသည်။
အလက်ပို အရှေ့ခြမ်းဒေသထဲမှ တဖြည်းဖြည်း သေးငယ်လာသော သူပုန်တို့ပိုင်နက်ထဲသို့ ဆီးရီးယား စစ်တပ်သည် လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေသည်။ ခွဲခြားမှု မရှိဘဲ မြင်မြင်ရာ ဗုံးကြဲနေသော ဆီးရီးယား စစ်တပ်၏ တိုက်ခိုက်မှုများသည် လူသားချင်း စာနာထောက်ထားမှုကို ဆန့်ကျင်ရာ ရောက်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။ ပါရီတွင် ပြုလုပ်ခဲ့သော အနောက်အုပ်စုမှ အင်အားကြီး နိုင်ငံများ၏ တွေ့ဆုံပွဲတွင်လည်း ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စရန် ဆော်သြခဲ့ကြသည်။
စက်တင်ဘာ ၁၀ ရက်က အလက်ပို အရှေ့ခြမ်းထဲမှ ကျန်နေသေးသော သူပုန်တို့၏ ပိုင်နက်များကို ဆီးရီးယား အစိုးရတပ်များက လေကြောင်းတိုက်ခိုက်မှုများ၊ ဒုံးကျည်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းသဖြင့် မြို့အရှေ့ခြမ်းရှိ နေအိမ်များ၏ ပြတင်းပေါက်များပင် သိမ့်သိမ့်တုန်နေခဲ့သည်ဟု သိရသည်။ "လမ်းတွေပေါ်က အပျက်အစီးတွေအောက်မှာ လူတွေပြည့်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့ဆီ မရောက်နိုင်တဲ့အတွက် သူတို့သေရတော့မှာပါ" ဟု အလက်ပိုမြို့ထဲမှ ဦးထုပ်ဖြူ ကယ်ဆယ်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ဆီးရီးယားနှင့် ရုရှားအစိုးရကမူ အလက်ပိုထဲမှ သူပုန်တို့ မဆုတ်မချင်း အပစ်အခတ်ရပ်ရန် ဆွေးနွေးမည် မဟုတ်ဟု ပြောနေကြသည်။ ဆီးရီးယား အတိုက်အခံတို့ကမူ ကြိုတင်သတ်မှတ်ချက် မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်စလိုနေသည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းမက်အေးယိုက ပြောကြားခဲ့သည်။
ပါမီယာမြို့ထဲသို့ IS တို့ ပြန်ရောက်လာ
အာဆက်အစိုးရ၏ လုပ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုများ ရှိနေစဉ် တစ်ဘက်တွင်လည်း IS ကဲ့သို့ ဂျီဟတ်များက ပြန်လည်ထကြွလာကြကြောင်း သိရသည်။ နာမည်ကျော် ကန္တာရရှေးဟောင်းမြို့ ပါမီယာထဲသို့ ဒီဇင်ဘာ ၁၀ ရက်က IS တို့ ပြန်ဝင်လာကြသည်ဟု ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ IS တို့သည် ပြီးခဲ့သည့် ရှစ်လကမှ ပါမီယာထဲမှ မောင်းထုတ်ခံလိုက်ရခြင်း ဖြစ်သည်။ "IS တို့ရဲ့ထိုးစစ်ဟာ တော်တော်မြန်ပါတယ်။ အခုဆိုရင် မြို့တောင်ပိုင်းကလွဲလို့ မြို့ထဲက နေရာအများစုဟာ IS လက်ထဲရောက်သွားပါပြီ။ မြို့ပြင်က လေဆိပ်ကိုလည်း ဂျီဟတ်တွေ ဝိုင်းထားပါတယ်" ဟု ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရာမီအဗ္ဗဒူရာမန်က ပြောကြားခဲ့သည်။
ပါမီယာမြို့ထဲသို့ ဆီးရီးယားနှင့် ရုရှား စစ်လေယာဉ်များ လာရောက် တိုက်ခိုက်ခဲ့ကြသော်လည်း မြို့ထဲ၌ ဆီးရီးယား တပ်ဖွဲ့များ လုံလုံလောက်လောက် မရှိဟု သိရသည်။ ညနေပိုင်းတွင်မူ ရုရှားစစ်လေယာဉ်များက ပါမီယာထဲတွင် တိုးမြှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာ ၈ ရက်မှစ၍ ပါမီယာမြို့နှင့် ဝန်းကျင်၌ IS တို့ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဆီးရီးယား အစိုးရလိုလားသည့် တပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း ရှိနေပြီဟု စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပါမီယာမြို့ တည်ရှိသည့် ဟွမ်းပြည်နယ်ကို IS တို့က ပြီးခဲ့သည့်နှစ် မေလက စတင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကာလအတွင်း ပါမီယာထဲမှ ရှေးဟောင်းသမိုင်းဝင် နေရာအများအပြားမှာ IS တို့၏ လက်ချက်ဖြင့် ပျက်စီးခဲ့ရသည်။ မတ်လတွင် ရုရှားတပ်များ၏ အကူအညီဖြင့် ဆီးရီးယား စစ်တပ်သည် IS တို့ကို ပြန်လည် တိုက်ထုတ်ခဲ့သည်။
အဆင့် (၂) ရာကာ စစ်ဆင်ရေး
အမေရိကန်က ဆီးရီးယားသို့ တပ်ဖွဲ့ဝင် ၂၀၀ ကို ထပ်မံပို့ခဲ့ပြီးနောက် IS တို့၏ အဓိက ခြေကုပ်ယူရာ ရာကာမြို့သို့ ထိုးစစ်ဆင်မှုသည် အဆင့် (၂) သို့ ရောက်လာပြီဖြစ်ကြောင်း အမေရိကန်က ကျောထောက်နောက်ခံပေးထားသော အာရပ်-ကာ့ဒ် ညွန့်ပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ရာကာမြို့သည် IS တို့၏ အစ္စလာမ္မစ် နိုင်ငံတော်နယ်မြေထဲမှ မြို့တော်အဖြစ် သတ်မှတ်ခံထားရသည့် နေရာဖြစ်သည်။ အခြား IS ဆန့်ကျင်ရေး ထိုးစစ်တစ်ခုဖြစ်သည့် တူရကီနှင့် မဟာမိတ်များကလည်း ဒီဇင်ဘာ ၁၁ ရက်မှာပင် ဆီးရီးယားမြောက်ပိုင်းမှ ဂျီဟတ်တို့၏ ခြေကုပ်ယူရာ အယ်ဘတ်မြို့ထဲသို့ ဝင်နိုင်သွားပြီဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

Most Read

Most Recent