တောင်ပေါ်ဒေသနဲ့ ကမ်းရိုးတန်းဆားချက်ဓလေ့ မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသဆားချက်လုပ်ငန်း

တောင်ပေါ်ဒေသနဲ့ ကမ်းရိုးတန်းဆားချက်ဓလေ့ မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသဆားချက်လုပ်ငန်း
Published 11 December 2016
■ ကိုနေ (မန်း)

ဦးလေးလှ (လူထုဦးလှ) ရဲ့ ကျွန်တော် ဆားချက်သမားကို အားကျပြီး ကျွန်တော် ဆားမချက်သမားဆိုတဲ့ ခေတ်သစ်ဆားလုပ်ငန်း ကိုယ်တွေ့ကို ဆက်လက်ဖော်ပြလိုပါတယ်။
ရှေးက ဟူးကောင်းတောင်ကြားဒေသ မှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဆားငန်ရေစမ်း အများအပြားရှိခဲ့ပါတယ်။ ထိုဆားငန်ရေစမ်းများမှ စိမ့်ထွက်လာတဲ့ ဆားငန်ရည်များရဲ့ အငန်ဓာတ်ပါဝင်မှု အချိုးအစားမှာ တစ်ခုနဲ့တစ်ခုမတူဘဲ ကွဲပြားခြားနားမှုရခဲ့တာပါ။ ယင်းဒေသရှိ လူသိများတဲ့ ဆားငန်ရေစမ်းများမှာ အိုင်ဒီးမော်၊ နမ်းစစ်မော်၊ ယမွတ်မော်၊ ဂျမ်ဟိန်ဂျမ်၊ ကဖန်ဂျမ်၊ ပန်းရှုဂျမ်၊ မလွန်ဂျမ်၊ ဂျမ်နန်းဂျမ်၊ မရမ်ဂျမ်တို့ပါ။ လေ့လာချက်အရ ဆားငန်ရည်အကောင်းဆုံး ဖြစ်တဲ့မလွန်ဂျမ်က ဆားငန်ရည်စမ်းမှ ထွက်သော ဆားငန်ရည်တစ်ဂါလန်မှ ၇၀၄၀ ဒသမ ၆၄၈ ဂရမ်ထိ ဆားရည်ရရှိခဲ့ဖူးပါတယ်။ သို့ တိုင်အိုင်ဒီးမော်ရှိ ဆားငန်ရည်စမ်းမှ ထွက်သော ဆားငန်ရည်မှာမူ တစ်ဂါလန်မှ ၄၈၉၆ ဒသမ ၇၄၈ ဂရမ်သာရရှိတာပါ။
ကချင်ဒေသအတွင်း ဆားငန်ရည်စမ်း အများအပြားတွေ့ရှိရတဲ့ နယ်မြေတစ်ခုမှာ ကာမိုင်းမြို့နယ်ပါ။ လူသိများတဲ့ ဆားငန်ရည်စမ်းများမှာ မဘေဖော့ သို့မဟုတ် လာမရွာအနီးတွင် တည်ရှိကြပါတယ်။ အရေးကြီးသော ဆားငန်ရည်စမ်းမှာ လာမရွာ၏မြောက်ဘက် နှစ်ဖာလုံခန့်အကွာတွင် တည်ရှိပါတယ်။ ယင်းဆားငန်ရည်စမ်းမှာ အချင်းအားဖြင့် ကိုးပေခန့်ကျယ်ပြီး အနက်မှာ ၁၁ ပေခန့်ရှိပါတယ်။ ယင်းဆားငန်စမ်းမှ ဆားငန်ရည် တစ်ဂါလန်ကို ကျိုချက်လိုက်ရင် ၂၈၆၇ ဒသမ ၈၂ ဂရမ်ရှိတဲ့ ဆားကို ရရှိမှာပါ။ ထိုဆားကို ဓာတ်ခွဲကြည့်တဲ့အခါ အောက်ပါအတိုင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
(က) ဆိုဒီယမ်ကလိုရိုဒ်            ၇၈.၂၉ %
(ခ)  ပိုတက်ဆီယမ်ကလိုရိုဒ်      ၁၄.၂၁%
(ဂ)  ကာလ်ဆီယမ်ကလိုရိုဒ်      ၆.၃၈%
(ဃ) မဂ္ဂနီဆီယမ်ကလိုရိုဒ်        ဝ.၇၀%
(င)  ကာလ်ဆီယမ်ဆာလ်ဖိုက်   ဝ.၆၂%
(စ) အရည်မပျော်သောပစ္စည်းများ ဝ.၀၈%
ဖော်ပြပါ ဆားငန်ရည်စမ်းများမှာ တခြားဆားငန်ရည်စမ်းများမှ ရရှိတဲ့ ဆားငန်ရည်တွေကို သံဒယ်များမှာ ထည့်ပြီး ထင်းမီးနဲ့ ချက်လုပ်ခဲ့ကြပါတယ်။ ရရှိလာတဲ့ ဆားများကို ယင်းဒေသအတွင်းမှာ စားသုံးခဲ့ကြတာပါ။
ရှမ်းဒေသဆားချက်လုပ်ငန်း
ရှမ်းဒေသမှာ သမိုင်းမှာထင်ရှားတဲ့ ဆားချက်ခဲ့တဲ့ဒေသမှာ သီပေါမြို့အနီး၊ ဘော်ကြိုကျေးရွာမှာပါ။ ဘော်ကြိုကျေးရွာဆိုတာ မန္တလေး-သီပေါ ရထားလမ်းနဲ့ ကားလမ်းပေါ် မှာရှိလို့ မန္တလေးရဲ့ အရှေ့ဘက် ၁၂၄ မိုင်နဲ့ သီပေါရဲ့ အနောက်ဘက် ၆ မိုင်အကွာမှာ တည်ရှိတာပါ။ ဆားငန်ရေတွင်းမှာ ရွာရဲ့ မြောက်ဘက်၊ ကားလမ်းမှ တစ်ဖာလုံခန့်အကွာမှာ မီးရထားလမ်းနဲ့ ကပ်လျက်တည်ရှိတာပါ။ ရေငန်တွင်းမြေကို ဘော်ကြိုဘုရား ဂေါပကအဖွဲ့က ပိုင်ပါတယ်။
ဗြိတိသျှ ကိုလိုနီခေတ်ဦးက ထိုဒေသကို သုတေသီ မစ္စတာနွတ်တလိန်းဟာ ၁၈၉၀ ပြည့်နှစ်၊ ဇွန်လမှာလည်းကောင်း၊ မစ္စတာ လာတူချီသည် ၁၉၀၅ ခု ဒီဇင်ဘာလမှာ လည်းကောင်း ရောက်ရှိခဲ့တယ်လို့ မှတ်တမ်းများက ဆိုတယ်။ မစ္စတာလာတူချီရဲ့ အစီရင်ခံစာအရ ဆားငန်ရေတွင်းရဲ့ အကျယ်မှာ လေးပေပတ်လည်ဖြစ်ပြီး၊ အနက်မှာ ၄၅ ပေခန့်ဖြစ်ပါသတဲ့။ မဆလခေတ် လေ့လာချက်အရ ၁၉၈၂ ခု မတ်လမှာ ယင်းဆားရေတွင်းအကျယ်မှာ လေးပေပင်ဖြစ်ပြီး၊ အနက်မှာ ၅၂ ပေရှိပါ သတဲ့။ သို့သော်နောင်တွင် တွင်းဟောင်းကို မသုံးတော့ဘဲ တွင်းသစ်တစ်ခုကို တူးပြီး ဆားချက်လုပ်ခဲ့ကြပါတယ်။ တွင်းသစ်မှာ တွင်းဟောင်းရဲ့ အရှေ့ဘက် ပေ ၁၀၀ ခန့်မှာရှိပြီး တွင်းဝမှာ ၄ ပေ_ ၄ ပေနဲ့ အနက် ၆၅ ပေ ဖြစ်ပါတယ်။ တွင်းထဲမှ ဆားငန်ရည်များကို ရေပုံးနဲ့ခပ်ပြီး စဉ့်အိုးကြီးများနဲ့ လှောင်ထားကြတာပါ။
ယင်းဆားငန်ရည်များကို ၄ပေ _၂ ပေ _ ၅ လက်မရှိ  သံဒယ်ကလေးများမှာ ထည့်ကာ ဆားဖိုနဲ့ချက်ကြတာပါ။ ဆားဖိုများကို ဆားငန်ရေတွင်းအနီးမှာ တည်ထောက်ထားတဲ့ ၁၀၀ ပေ_၃၀ ပေခန့်ရှိ တဲရှည်ကြီးအတွင်း တန်းစီတည်ဆောက်ထားပါတယ်။ ဆားဖို ၁၀ ခုခန့်ရှိပြီး ဆားဖိုတစ်ခုလျှင် သံဒယ်ပြားနှစ် ခုစီထားရှိပါတယ်။ ဆားဈေးနဲ့ ထင်းဈေးမကို ကတော့တဲ့အခါ ၁၉၈၁-၈၂ ခုနှစ်မှစပြီး ဆား ချက်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ပါတော့တယ်။
ဘော်ကြိုဆားကို ဓာတ်ခွဲကြည့်တဲ့အခါ အောက်ပါအတိုင်း ပါဝင်ကြောင်း တွေ့ရပါတယ်။
နမူနာ - ၂
(က) ဆိုဒီယမ်ကလိုရိုဒ်            ၆၀.၃၉ %
(ခ)  ဆိုဒီယမ်ဆာဖိတ်             ၃၅.၄၄ %
(ဂ)  ကာလ်ဆီယမ်ဆာလ်ဖိုက်   ဝ.၆၀ %
(ဃ) မဂ္ဂနီဆီယမ်ဆာလ်ဖိုက်     ဝ.၇၅ %
(င)  ပိုတက်ဆီယမ်နှင့်အခြား     ၂.၈၆ %
ကမ်းရိုးတန်းဒေသဆားချက်လုပ်ငန်း
ယနေ့ခေတ်ကဲ့သို့ နေလှန်းဆားမပေါ်မီ ရှေးယခင်ချက်ဆားခေတ်က ကမ်းရိုးတန်း ဒေသတစ်လျှောက် ဆားချက်လုပ်ငန်းမှာ ပင်လယ်ရေမှ ချက်လုပ်တဲ့ လုပ်ငန်းများဖြစ်ကြပါတယ်။ ဆင်းရဲသားများအနေနဲ့ မိမိစားသုံးရန် ချက်လုပ်သည့်နည်းမှာ ပင်လယ်ရေ ကျသွားတဲ့အချိန်မှာ ဆားများပွင့်ကျန်ရစ်တဲ့ မြေကြီးများကို ခြစ်ကျုံးယူပြီး ယင်းမြေကြီးများကို ပင်လယ်ရေငန်နဲ့ဖျော်ကာ စစ်ပြီး နောက်ထင်းမီးနဲ့ ကျိုချက်တဲ့နည်းပါ။ ဒီနည်းနဲ့ ချက်လုပ်ခြင်းဟာ မိမိမိသားစုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပြုလုပ်တဲ့နည်းဖြစ်ပေမယ့် ဆားဈေးကောင်းတဲ့အခါမှာ တရားဥပဒေရဲ့ ပြင်ပမှဖြစ်ခဲ့သော်လည်း ဒီနည်းနဲ့ပဲ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ေ ဆာင်ရွက်လေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရန်ကုန်ဈေးကွက်နဲ့ နီးတဲ့ခရမ်းသုံးခွ၊ ကျိုက်ထိုစတဲ့ဒေသများက ရှေးကဒီနည်းကို ကောင်းစွာအသုံးချကြပါတယ်။
စီးပွားဖြစ် ရောင်းချဖို့အတွက် ရှေးက ချက်လုပ်ခဲ့ကြတဲ့နည်းမှာ ပင်လယ်ရေမှ ချက်လုပ့်နည်း ဖြစ်ပါတယ်။ ပင်လယ်ရေကို အဆင့်လေးဆင့် ချိုးထားသော ဆားလယ်မြေမှာ တင်လှန်းပြီးတဲ့နောက် သံဒယ်ပြားတွေနဲ့ ကျိုချက်ခဲ့ကြတဲ့နည်းပါ။ ဒေသတစ်ခုနဲ့တစ်ခု လုပ်ကိုင်ပုံနည်းစနစ်တို့မှာ အနည်းငယ်စီ ခြားနားမှုရှိေပေမယ့် အဓိကထုတ်လုပ်တဲ့ နည်းစနစ်အတိုင်း ပင်လယ်ရေငန်ထဲသို့ ထမင်းလုံးကို ပစ်ချတဲ့နည်းနဲ့ သော်လည်းကောင်း၊ ခလှုံကိုင်းငယ်များကို ပစ်ချခြင်းနဲ့သော်လည်းကောင်း ဆားငန်ရည်ပြစ်ခြင်း ရှိ မရှိ စမ်းသပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ပင်လယ်ရေကို တိုင်းတာတဲ့ ဘူမီအတိုင်းအတာ စနစ်နဲ့ ကိရိယာတွေမရောက်ရှိသေးမီက ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ခန့်မှန်းဖို့အကောင်း ဆုံးနည်းတစ်ခုဖြစ်ခဲ့တာပါ။ ထမင်းလုံးကို ပစ်ထည့်လိုက်လို့ ထမင်းလုံးပေါ်လာခဲ့ရင် အဲဒီဆားငန်ရည်ဟာ ဆားချက်နိုင်တဲ့ အဆင့်ကိုရောက်ပြီလိ့ု ကောက်ချက်ချကြပါတယ်။ ဒါပေမဲ့ ဘူမီအတိုင်းအတာ ကိရိယာခေတ်ရောက်ရှိလာလို့ တိုင်းတာကြည့်တဲ့အခါမှာတော့  ထမင်းလုံးပေါ်တဲ့ ဆားငန်ရည်ဟာ ၁၆ ဒီဂရီ ဘူမီသာရှိသေးကြောင်း  တွေ့ရှိရတယ်။
ကမ်းရိုးတန်းဒေသ ဆားချက်နည်း
ရှေးကကမ်းရိုးတန်း ဒေသဆားချက်ရာမှာ အဓိကအရေးကြီးဆုံး လုပ်ငန်းက ပင်လယ်ရေ အလုံအလောက်ရရှိရေးပါ။ ပင်လယ်ကမ်းရိုးတန်းဒေသက ချောင်းတွေဟာ ရေတက်ရေကျရှိတဲ့ ချောင်းများပါ။ ဆားချက်လုပ်ငန်းအတွက် ပင်လယ်ရေသွင်းဖို့ ချောင်းငယ်တစ်ခုကို ပထမရွေးချယ်ရတယ်။ ဒီလိုရွေးချယ်ပြီးတဲ့ ချောင်းငယ်ကို ဖြတ်ဆည်ပြီး အောက်ပြည် အောက်ရွာမှာ လယ်သမားတွေ ပြုလုပ်လေ့ရှိတဲ့ သစ်သားရေ တံခါးတစ်ခုကို ပြုလုပ်ပါတယ်။ ရေတက်ချိန်မှာ ယင်းရေတံခါးကို ဖွင့်ထားပြီး ရေကျချိန်ကျတော့ ရေတံခါးကို ဖမ်းပိတ်လိုက်တာပါ။ ဒီလိုရေတံခါးကို ဖွင့်-ပိတ် လုပ်ခြင်းဖြင့် ဆားကွင်းအတွက် လိုအပ်တဲ့ ပင်လယ်ရေများကို သိုလှောင်ထားနိုင်ပါတော့တယ်။
ရှေးကဆားချက်လုပ်ငန်းမှာ သာမန်အားဖြင့် ပင်လယ်ရေလှန်းဖို့အတွက် လှန်းကန်များကို လေးဆင့်ပြုလုပ်လေ့ရှိပြီး ပထမအဆင့်မှာ လှန်းကန်ကို မြစ်ဝကျွန်း ပေါ်ဒေသက ‘ခူအိုင်’ ဟုလည်းကောင်း၊ မွန်ပြည်နယ်တွင် ‘တကဲ’  ဟူ၍လည်းကောင်း၊ ခေါ်ဝေါ်လေ့ရှိပါတယ်။ ချောင်းထဲမှာ သိုလှောင်ထားတဲ့ ပင်လယ်ရေကို ပထမအဆင့် လှန်ကန်ဖြစ်တဲ့ ခူအိုင် သို့မဟုတ် တကဲထဲသို့ နံနက်ပိုင်းနဲ့ညနေပိုင်းများတွင် မောင်းတင်လေ့ရှိပါတယ်။ အချို့သောဒေသများမှာ ‘ဘူးစက်’ ခေါ်တဲ့ နှီးနဲ့ ရက်လုပ်ထားတဲ့ရေပုံးတွေ တပ်ဆင် ထားတဲ့ ရေရဟတ်များကိုလည်းကောင်း အသုံးပြုကာ ရေတင်ခဲ့ကြတာပါ။ ‘ဘူးစက်’ များကို ကျွဲနွား တိရစ္ဆာန်များနဲ့ ချာလည်လှည့်စေရေကို တင်ခဲ့ကြပါတယ်။
ခူအိုင် သို့မဟုတ် တကဲရှိ ပင်လယ်ရေများကို တစ်ရက်တစ်ကြိမ်၊ ဒုတိယအဆင့်ဖြစ်သော “ရေပူကလေး” (လှန်းထူဟူလို့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။) သို့ပို့ပေးတာပါ။ ရေပူကလေးကို ကန်သင်းနဲ့ ကွင်းသုံးကွင်းပိုင်းခြားပြီး ဆင်လေ့ရှိပါတယ်။ ယင်းရေပူကလေးမှာ  ပင်လယ်ရေများကို နှစ်ရက်ခန့်ထားပြီး တတိယအဆင့် ဖြစ်တဲ့ ‘ရေပူကြီး’ (လှန်းပါးလို့လည်း ခေါ်ဝေါ်လေ့ရှိကြပါတယ်။) သို့ပို့ပေးပါတယ်။ ရေပူကြီးကိုလည်း ကန်သင်းနဲ့ ပိုင်းကာရံပြီး ကွင်းသုံးကွင်းဆင်လေ့ရှိပါတယ်။ ရေပူကြီးမှာ ပင်လယ်ရေကို နှစ်ရက်ခန့်ထားပြီး နောက်ဆုံးအဆင့်ဖြစ်သော ‘ဆားခံ’ သို့ မဟုတ် ‘ယက်’ သို့ပို့ပေးပါတယ်။ ဆားခံကွင်း ကိုတော့ အခြားကွင်းများထက် ဂရုတစိုက် ပြုလုပ်ရပါတယ်။ အခြားကွင်းများထက် အောက်ခံမြေမှာ ညီညာသိပ်သည်းမှုရှိရန် လိုအပ်လို့ပါ။ သိပ်သည်း မှုရှိစေရန်အတွက် တလိမ့်တုံးအထပ်ထပ် လှိမ့်ပေးရပါတယ်။ ဒီကွင်းမှာ ရေကိုပါးပါးသာတင်ပြီး လှန်းပါတယ်။ စောစောက ဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီကန်ထဲသို့ ထမင်းလုံးကို ထည့်ကြည့်လို့ ထမင်းလုံး ပေါ်လာရင် ဆားငန်ရည်မှာ ဆားချက်နိုင်တဲ့ အဆင့်သို့ရောက်ပြီ သတ်မှတ်ပြီး အမိုး အကာအောက်တွင် တူးထားသော ဆားရည်လှောင်ကန်သို့ ပို့ပေးပါတယ်။
၎င်းနောက် ဆားရည်များကို ခိုးတွင်းများမှတစ်ဆင့် မောင်းတက်မှာ တပ်ဆင်ထားတဲ့ သစ်သားစည်နဲ့ အမိုးအကာအောက်ရှိ ချက်ဖို ဆားရည်ကန်ပေါ်သို့ ထည့်ပေးရပါတယ်။ ယင်းမှတစ်ဆင့် ဝါးတံလျှောက်နဲ့ ဆားချက် သံဒယ်ပြားပေါ်သို့ ပြောင်းထည့်ပါတယ်။ ရှေးမြန်မာဘုရင်များ လက်ထက်က ဆားချက်ချင်းကို လေးဂါလန်ခန့်ဆံ့သော မြေအိုးဖြင့်ပြု လုပ်ခဲ့ကြပါတယ်။ မြန်မာ-အင်္ဂလိပ် ပထမစစ် ပွဲပြီးတဲ့နောက်ပိုင်း သံဒယ်ပြားများကို အသုံးပြုလာကြပါတယ်။ ၁၉၀၀ ပြည့်နှစ်အထိ အသုံးပြုတဲ့ သံဒယ်ပြားများမှာ ၃ ပေမှ ၅ ပေ အထိကျယ်ပြီး အနက်မှာ ၃ လက်မမှ ၄ လက် မထိ ရှိတတ်ပါတယ်။ ထိုဒယ်ပြားမျိုးမှာ ဆားငန်ရည် ဂါလံ ၆၀ ခန့်ထည့်ပြီး ချက်နိုင်ပါတယ်။ ဖော်ပြပါ သံဒယ်ပြားကို မီးပေါ်တွင် ၃ နာရီထင်းမီးနဲ့ ကြိုချက်လုပ်သည့်အခါ ဆား ၂၅ ပိဿာခန့် ရရှိနိုင်ပါတယ်။ ဆားများကို ဆားဖိုဘေးတွင်ရှိ သစ်သားကန်များထဲသို့ ပြောင်းထည့်လိုက်ပါတယ်။
ဆားချက်ဖိုများကို ရှေးအခါက ရွှံ့၊ ဖွဲ၊ ကောက်ပြတ်စသည်များနဲ့ သမအောင်နယ်ပြီး အုတ်ခဲပုံစံလုပ်၍ လည်းကောင်း၊ နေလှန်းပြီးနောက် ရွှံ့နဲ့ သရိုးကိုင်ကာ ချက်ဖိုများ ပြုလုပ်ခဲ့ကြပါတယ်။ မြေအိုးများနဲ့ချက်စဉ်က ဆားဖိုများကို ဘဲဥပုံသဏ္ဌာန် ပြုလုပ်ခဲ့ကြပေမယ့် ဒယ်ပြားများကို အသုံးပြုလာတဲ့ နောက်ပိုင်း ဆားဖိုများမှာ လေးထောင့်ပုံသဏ္ဌာန် ဖြစ်လာကြတာပါ။ ဆားချက်ရာမှာ ဆားအပွင့်လှစေရန်နဲ့ ဆားဖြူဖွေးစေရန်အတွက် အုန်းဆီတစ် ဇွန်းခန့်ကို ဖြစ်စေ၊ ရေနံဆီအနည်း ငယ်ကိုဖြစ်စေ၊ ဆန်ဆေးရည် အနည်းငယ်ကိုဖြစ်စေ ဆားချက်ဒယ်ထဲသို့ ထည့်လေ့ရှိကြတာလည်း ဆားဓလေ့တစ်မျိုးပါ။ သာမန်အားဖြင့် တခါကြိုချက်ရင် သံဒယ်ပြားတစ်ခုမှ ဆား ၂၅ ပိဿာခန့် ရရှိနိုင်ပါတယ်။ သစ်သားကန်ထဲမှာ ထည့်ထားတဲ့ဆားတွေကို ဆားရည် စစ်ပြီးတာနဲ့ သိုလှောင်ရုံထဲသို့ ပြောင်းထည့် ကြပါတော့တယ်။

Most Read

Most Recent