၂၀၁၆ ခုနှစ် တတိယ သုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ ပျမ်းမျှဧည့်သည် ဝင်ရောက်မှု ၄၂ ရာခိုင်နှုန်း လျော့ကျပြီး နှစ်အလိုက် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်းကျော် ကျဆင်း

၂၀၁၆ ခုနှစ် တတိယ သုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ ပျမ်းမျှဧည့်သည် ဝင်ရောက်မှု ၄၂ ရာခိုင်နှုန်း လျော့ကျပြီး နှစ်အလိုက် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်းကျော် ကျဆင်း
Published 9 December 2016
စည်သူအောင်

၂၀၁၆ ခုနှစ် တတိယသုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ် အခန်းများ၌ ပျမ်းမျှဧည့်သည် ဝင်ရောက်မှု ၄၂ ရာခိုင်နှုန်းအထိ လျော့ကျပြီး နှစ်အလိုက် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်းကျော် ကျဆင်းနေကြောင်း နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော Colliers International ၏ ရန်ကုန်မြို့ ဟိုတယ်ဆိုင်ရာ ၂၀၁၆ ခုနှစ် တတိယသုံးလပတ် အစီရင်ခံစာအရ သိရသည်။
ရန်ကုန်မြို့ အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက်မှာ ၃၈၀၀ ထက်မကသော အနေအထားတွင် သုံးလပတ် ကာလအလိုက် မပြောင်းမလဲ ရှိနေသည်။ ရောင်းလိုအား အနေဖြင့် HAGL Myanmar Centre ရှိ ၂၀၁၆ ခုနှစ် ဒုတိယ သုံးလပတ်တွင် စတင်မိတ်ဆက်လိုက်သော Melia Hotel၊ အပိုဆောင်း အခန်းပေါင်း ၄၅၇ ခန်းခန့်ကို အသစ်မိတ်ဆက်လိုက်သော Center Point Grand Hotel၊ ယခင်သုံးလပတ်အတွင်း ပြန်လည်ပြုပြင် မွမ်းမံနေပြီး အခန်းအရေအတွက် တိုးချဲ့မည့် Strand Hotel နှင့် ကျန်ရှိနေသေးသော အခန်း ၁၇၇ ခန်းခန့်ကို ဖွင့်လှစ်မည်ဟု မှန်းဆထားသည့် Rose Garden Hotel တို့ ရှိမည်ဖြစ်သည်။
သုံးနှစ်တာကာလ အတောအတွင်း အခန်းပေါင်း ၃၀၀၀ မကပြီးစီးမည်ဟု မျှော်မှန်းထားသော သတင်းအချက်အလက်သည် ဆက်လက် အားကောင်းနေဆဲ ဖြစ်သော်လည်း နှေးကွေးသော ဆောက်လုပ်ရေးက အနီးစပ်ဆုံး အချိန်ကာလတွင် ရောင်းလိုအား အသစ်များ အားလျော့သွားမည်ဟု Colliers က ခန့်မှန်းထားသည်။ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရေးကို ရပ်ဆိုင်းထားရန် အစိုးရက လတ်တလော ဝင်ရောက်စွက်ဖက်မှုကလည်း ဆောက်လုပ်ရေးဆိုင်ရာ နှောင့်နှေးမှုကို ဖြစ်ပေါ်စေသည့်အပြင် တိုးပွားနေသော ရောင်းကုန်နှင့် မြင့်တက်နေသော ယှဉ်ပြိုင်မှုကိုပေးသည့် အခြားသော စီမံကိန်းများသည်လည်း ယခုအခါ ယာယီဆိုင်းငံ့ထားခြင်း ခံရသည်ဟု ၎င်းက သုံးသပ်ထားသည်။
အဆင့်မြင့်ဟိုတယ် အခန်းများ ပျမ်းမျှဧည့်သည် ဝင်ရောက်မှုများ ကျဆင်းနေပြီး တစ်ဖက်တွင်လည်း အလယ်အလတ်တန်းစား ဟိုတယ်အခန်းများတွင် ဧည့်သည်ဝင်ရောက်မှုမှာ နှစ်အလိုက် ယေဘုယျအားဖြင့် ရာခိုင်နှုန်း ၈၀ ခန့်အထိ လျော့ကျသော အနေအထားတွင် ဆက်လက်တည်ရှိနေသည်။ အပြိုင်အဆိုင်များသော နေ့စဉ်အခန်းခ နှုန်းထားများကြောင့် အလယ်အလတ်တန်းစား ဟိုတယ်များသည် အပျော်ခရီး ထွက်သူများနှင့် အလုပ်ကိစ္စ ခရီးထွက်သူများအတွက် ပိုမိုအကြိုက်တွေ့ဖွယ်ရာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသော်လည်း ဟိုတယ်အများစုမှာ သတ်မှတ်အရည်အသွေးထက် ပိုမိုနိမ့်ပါးကြောင်း ဖော်ပြကြရာ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းများကို လိုက်မီရန် လိုအပ်နေဆဲဖြစ်သည်ဟု Colliers က သုံးသပ်သည်။
အဆင့်မြင့်နှင့် အလယ်အလတ်တန်း စားဟိုတယ်တို့သည် ဈေးကွက်အခြေအနေအရ ကြီးထွားတိုးတက်ရန် အနှောင့်အယှက်များ ဆက်လက်ရင်ဆိုင်ရမည့် သဘောရှိပြီး တိုးမြင့်နေသော အပြိုင်အဆိုင်များကြောင့် ပျမ်းမျှနေ့စဉ်အခန်းခ နှုန်းထားများကို ကျဆင်းစေဦးမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent