စစ်ကိုင်းတောင်ရိုးပေါ်က ပတ္တမြားစေတီတော်သို့

စစ်ကိုင်းတောင်ရိုးပေါ်က ပတ္တမြားစေတီတော်သို့
Published 8 December 2016
သက်ထွန်းအောင် (မန္တလေး)

စစ်ကိုင်းမြို့ဟာ ကျွန်တော်နေထိုင်တဲ့ မန္တလေးမြို့နဲ့ဆိုရင် အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ ဒီတစ်ပတ် ခရီးသွားဆောင်းပါးအတွက် ပတ္တမြားစေတီတော်ဆီကို ဆိုင်ကယ်တစ်စီးနဲ့ သွားခဲ့ပါတယ်။ စစ်ကိုင်းမြို့ ရောက်ရောက်ချင်း စစ်ကိုင်းမြို့မှာ နေထိုင်တဲ့ အဒေါ်ဆီကို ခဏဝင်ရင်း ပတ္တမြားစေတီတော်သွားတဲ့ လမ်းခရီးကို မေးရပါသေးတယ်။
တကယ်တမ်းပြောရရင် ပတ္တမြားစေတီတော်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးပါဘူး။ ဘယ်လမ်းကနေ သွားရမှန်းလည်း မသိပါဘူး။ ပတ္တမြားစေတီတော်ဟာ စစ်ကိုင်းတောင်တော်ပေါ်မှာ ရှေးဟောင်းဘုရားပုထိုး စေတီတော်များအနက် တန်ခိုးကြီးပြီး ထင်ရှားတဲ့ ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး ဘုရားပွဲတော်ရက်တွင် ပြိုင်ပွဲတွေ၊ ဇာတ်ပွဲအငြိမ့်ပွဲတွေနဲ့ ဘုရားဖူးတွေ အလွန်စည်ကားကြောင်း အဒေါ်ကပြောပါတယ်။
ကျွန်တော်လည်း အဒေါ်နဲ့ စကားပြောပြီးတာနဲ့ အဒေါ်လမ်းညွှန်တဲ့အတိုင်း စစ်ကိုင်းတောင်ဆီကို ထွက်လာခဲ့ပါတယ်။ စစ်ကိုင်းတောင်ပေါ်တွင် ရှေးယခင်က မင်းကောင်းမင်းမြတ်တွေ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဘုရားပုထိုးစေတီတွေနဲ့ လှူဒါန်းခဲ့ကြတဲ့ သာသနိက အဆောက်အအုံ အများအပြားတည်ရှိပါတယ်။
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်တန်းမှာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၇၀၀ မှ ၁၃၇၃ ပေအထိရှိပြီး တောင်ပေါ်မှာ တောင်ထွတ် ၃၇ လုံးရှိကြောင်း စစ်ကိုင်းသမိုင်း အကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။
ဦးမင်သုံးဆယ်သွားရာ လမ်းမှတစ်ဆင့် ပတ္တမြားစေတီတော် သွားရာလမ်းအတိုင်း ဆက်မောင်းခဲ့ရပါတယ်။ သွားရာလမ်းမှာ တောင်အတက်လမ်း အဆင်းလမ်းတွေက အရမ်းမတ်စောက်လွန်းတာကြောင့် ဆိုင်ကယ်ကို သတိထားမောင်းနှင်ရပါတယ်။ ချောင်တွေကိုဖြတ်ပြီး အချိန်အနည်းငယ်ကြာမှာတော့ တောင်ထိပ်မှာရှိတဲ့ ပတ္တမြားစေတီကို ရောက်ပါတယ်။
ဆိုင်ကယ်ကို ဘုရားအဝင်ဘေးမှာ ရပ်ထားခဲ့ပြီး ဘုရားစောင်းတန်း အတိုင်းဝင်လာခဲ့ပါတယ်။ အရင်ဆုံးဘုရားကို ထိုင်ရှိခိုးလိုက်ပါတယ်။ ဘုရားလာဖူးသူ အများအပြား မတွေ့ရပေမယ့် တက္ကသိုလ်ကျောင်းသားကျောင်းသူ နှစ်ဦးသာ တွေ့ရပါတယ်။
ပတ္တမြားစေတီဟာ သီရိဓမ္မာသောကမင်းကြီးက သာသနာနှစ် ၂၂၄ ခုနှစ်မှာ တည်ထားခဲ့ပြီး စေတီပေါင်း ၈၄၀၀၀ မှာပါဝင်တဲ့ စေတီတစ်ဆူ ဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် ၇၇၆ ခုနှစ်မှာ ပဒူကြီးသင်္ဃရာဇာမှ ဒုတိယအကြိမ် တည်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၁၅၇ ခုနှစ်မှာ ဘိုးတော်မင်းကြီး၏ မိထွေးတော် ဒလမြို့စား မိဖုရားကြီးမှ အရှေ့ဘက်စောင်းတန်းကြီးနဲ့တကွ တတိယအကြိမ် ပြုပြင်မွမ်းမံခဲ့ကြောင်း၊ ၁၂၈၇ ခုနှစ်မှာ ဆရာဦးကျစ်လစ်ကြီးမှူးတဲ့ ဝါးချက်ရွာသူရွာသားများက စတုတ္ထအကြိမ် မွမ်းမံခဲ့ပါတယ်။ ၁၃၁၅ ခုနှစ်မှာ သံဃာ့အဖွဲ့ကြီးမှ အုပ်ချုပ်ပြီး ပြည်သူပြည်သားများက စုပေါင်းပြုပြင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
ပတ္တမြားစေတီဟာ ရွှေဘိုမင်းလက်ထက် အမရပူရငလျင်ကြီး လှုပ်ခဲ့စဉ်က ပြင်းထန်တဲ့ ငလျင်ဒဏ်နဲ့ စစ်ကိုင်းငလျင်ကြီးရဲ့ ငလျင်ဒဏ်တွေကို သမိုင်းတစ်လျှောက်မှာ ငလျင်ဒဏ် နှစ်ကြိမ်ခံစားခဲ့ရပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ သပိတ်ကျင်း မြေငလျင်ဒဏ်ကို တတိယအကြိမ် ခံစားခဲ့ရကြောင်း သမိုင်းအထောက်အထားအရ ဆိုထားပါတယ်။
စေတီတော်အကြောင်းနဲ့ ပတ်သက်ပြီး အသက် ၈၀ ရှိပြီဖြစ်တဲ့ အဘိုးဦးဝင်းမောင်က စိတ်ရှည်လက်ရှည်နဲ့ လိုက်လံရှင်းပြပါတယ်။ 
“ပတ္တမြားစေတီက စစ်ကိုင်းတောင်တန်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိတာပါ။ စစ်ကိုင်းတောင် မြောက်ဘက် ဝါးချက်ရွာအနီး ၈၅၉ ပေမြင့်တဲ့ ပတ္တမြားတောင်ထိပ်မှာ ရှိတယ်။ တကယ်တမ်း ဘူမိဗေဒနဲ့ တိုင်းတာချက်အရ ပေ ၁၀၀၀ ကျော်ရှိတယ်။ ဘိုးဘိုးအောင်ဂူ၊ ရှေးသိမ်၊ နတ်နန်း၊ အောင်မြေနဲ့ စေတီရင်ပြင်တော်မှာ ရှေးယခင်ကတည်းကရှိတဲ့ ထန်းပင်တစ်ပင် ရှိပါတယ်။ တော်သလင်းလ ၁၄ ရက်၊ ၁၅ ရက်ဖြစ်တဲ့ ပွဲတော်ရက်ဆိုရင် အရမ်းစည်ကားတယ်”ဟု အဘိုးဦးဝင်းမောင်က ရှင်းပြပါတယ်။
ညောင်ရေသွန်းပွဲတော်မှာ အင်းဝညောင်းရမ်းဆက် ဝမ်းဘဲအင်းစံမင်း လက်ထက်ကစပြီး ကဆုန်လပြည့်ကျော် ၈ ရက်နေ့တိုင်း ပတ္တမြားစေတီတော်မှာ ညောင်ရေသွန်းလောင်းကြောင်း သိရပါတယ်။ စေတီမှာ ဖိနပ်ခင်း ၃၈ ပေ၊ ဉာဏ်တော် ၄၃ ပေ ၃ လက်မ၊ ထီးဘုံ ၉ ဆင့် ထီးအမြင့် ကိုးပေ၊ ထီး အ၀ ၃ ပေ ၉ လက်မရှိကြောင်း သိရပါတယ်။
အဘိုးဦးဝင်းမောင်ဟာ ပတ္တမြားစေတီအထိ နေ့တိုင်း နံနက် ၈ နာရီ အချိန် ညနေ ၅ နာရီအထိ အဘိုးနေထိုင်တဲ့ ဝါးချက်ကနေ တောင်ပေါ်အထိ ခြေလျင်အတက်အဆင်း ပြုလုပ်ကာ ဘုရားဝေရာဝစ္စတွေကို လာရောက်ကုသိုလ်ယူနေတာပါ။
အဘိုးနဲ့ ကျွန်တော် စေတီအရှေ့ရင်ပြင်တော်မှာရှိတဲ့ ထိုင်ခုံမှာထိုင်ပြီး ဘုရားအကြောင်းတွေပြောရင်းနဲ့ အဘိုးက သူ့သားသမီးအကြောင်းတွေကို ပြောပြပါတယ်။
သောင်းတွေထွန်းနေတဲ့ ဧရာဝတီမြစ်ကြီး၊ နှင်းတွေနဲ့ အုံ့ဆိုင်းဆိုင်း ဖြစ်နေတဲ့ မန္တလေးမြို့ကြီးမြင်ကွင်းဟာ အရမ်းလှပတဲ့ ပန်းချီကားတစ်ချပ် သဖွယ်ပါ။
ကျွန်တော်အဘိုးပြောပြတာတွေကို နားထားရင်း အချိန်တော်တော်လေးကို ကြာသွားပါတယ်။ အပြန်မှာတော့ အဘိုးပြောတဲ့လမ်းအတိုင်း ဝါးချက်ဘက်ကနေ ဆင်းလာခဲ့ပါတော့တယ်။

Most Read

Most Recent