ပန်းချီဖြင့် ယဉ်ကျေးမှုကိုရှာသူ ပန်းချီဦးဘစိန်

ပန်းချီဖြင့် ယဉ်ကျေးမှုကိုရှာသူ ပန်းချီဦးဘစိန်
Published 8 December 2016
■ဝေယံအောင်

ပန်းချီဦးဘစိန်သည် စစ်ကြိုခေတ်မဂ္ဂဇင်း ပန်းချီလောကတွင် ထိပ်တန်းမှာပါဝင်ခဲ့သော ပန်းချီဆရာတစ်ဦး ဖြစ်သည်။ ထိုစဉ်က မြန်မာပန်းချီဆရာ အသင်းကြီးဖွဲ့စည်းနိုင်ရန် ပန်းချီ ဦးဘစိန်၏သြဇာကို အလေးထားခဲ့ကြရသည်။ ဦးဘစိန်သည် မြန်မာ့ပန်းချီအနုပညာရပ်များကို ရှေးမူအတိုင်း လေ့လာလိုက်စားရန်လည်း အထူးဝါသနာထုံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသော ပန်းချီတော်ဆရာချုံထံတွင် ပညာဆည်းပူးခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုကို စာပန်းချီရေး၍ ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ ဦးဘစိန်ကို ၁၈၉၄ ခုနှစ်တွင်  မင်းလှမြို့အရှေ့ဘက် ဂွေးတောက်ကုန်းရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်သမားမျိုးရိုးဖြစ်သည်။ ငယ်စဉ်က ကြို့ပင်ကောက်မြို့ရှိ အစ်ကိုဖြစ်သူ ကျောင်းထိုင်ဘုန်းထံတွင် မြန်မာစာသင်ရိုးနှင့် လောကုတ္တရာ စာပေများကိုသင်ယူခဲ့သည်။ အင်္ဂလိပ်စာကို ကြို့ပင်ကောက်မြို့ အာစီအမ်ကျောင်းတွင် သင်ကြားခဲ့သည်။ ရန်ကုန်မြို့တွင် ဆက်လက်ပညာသင်ကြားပြီးနောက် ကလကတ္တားမြို့တွင် ပညာသင်ကြားရင်း အိန္ဒိယပန်းချီကို လေ့လာဆည်းပူးခဲ့သည်ဟု အဆိုရှိသည်။ အရွယ်ရောက်သောအခါ ကြို့ပင်ကောက်သူ ဒေါ်ခင်အုန်းနှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ဦးဘစိန်သည် ရန်ကုန်သို့ တက်လာပြီးနောက် ရွှေတိဂုံကုန်းတော်ပေါ်တွင် ပန်းချီဆွဲနေသော ပန်းချီဆရာကြီး ဦးဘအုံးနှင့်ဆုံခဲ့သည်။ ဦးဘအုံးထံတွင် တပည့်ခံခဲ့ပြီး ပန်းချီပညာအပြင် အင်္ဂလိပ်စာကိုပါ ထပ်မံသင်ယူခဲ့သည်။ ဆရာ ဦးဘအုံးမှတစ်ဆင့် နိုင်ငံခြားသား ပန်းချီဆရာများထံမှလည်း ပန်းချီပညာကို ဆည်းပူးခဲ့သည်။
ဦးဘစိန်၏ဝါသနာမှာ မြန်မာ့ပန်းချီ အနုပညာရပ်များကို ရှေးမူရင်းအတိုင်း လေ့လာလိုက်စားလိုခြင်း ဖြစ်သည်။ သို့သော် လက်ဦးဆရာဖြစ်သူ ဦးဘအုံးမှာ အနောက်တိုင်း ပန်းချီနည်းစနစ်များဖြင့် မြန်မာပန်းချီကို  တစ်ခေတ်ပြောင်းရန် အားယူနေသူဖြစ်သည်။ ထို့ကြောင့် ဦးဘစိန်သည် ဆရာဖြစ်သူထံမှ အနောက်တိုင်းပန်းချီ နည်းစနစ်များကို သင်ယူသကဲ့သို့ ထိုအချိန်က ကျုံးကြီးလမ်းတွင် ပန်းချီလုပ်ငန်းများလုပ်ကိုင်နေသော ဆရာချုံ ထံတွင်လည်း မြန်မာ့ရိုးရာ ရှေးပန်းချီပညာများကို လေ့လာလိုက်စားခဲ့သည်။ ဆရာချုံ၏သားဖြစ်သူ ဆရာခနှင့် အလွန်ပင်ရင်းနှီးလေသည်။ ဆရာချုံထံမှ ခြူးပန်းခြူးနွယ်နှင့် ယိုးဒယား ပန်းအမျိုးမျိုးရေးဆွဲပုံနည်း၊ ရွှေနန်း လက်သုံးပုရပိုက်လာ အကြောင်းအရာများနှင့် မြန်မာမှုများကို လေ့လာဆည်းပူးခဲ့သည်။  ဆရာချုံက ‘ဒါတွေကို မင်းလိုက်စားလို့တော့ ဟန်မယ်မထင်ဘူးကွယ်။ မင်းက ငယ်လဲငယ်သေးတယ်။ ငါ့သား မောင်ခနဲ့မှ သက်တူလောက်ရှိမယ်။ ငါတယ် အားမပေးချင်ဘူး။ ဒီပညာတွေကတော့ မင်းခမ်းမင်းနားနဲ့ ဘုရားပုထိုးများမှာသာ သုံးတော့ ..နို့မင်းလဲမရှိတော့ဘူး။ ကုလားမင်း အုပ်စိုးနေပြီ။ ဗုဒ္ဓကိစ္စဘက်က ကြည့်ပြန်တော့ သာသနာ့ဒါယကာမရှိတော့ သာသနာမကွယ်လျှင် တော်သေးသပေါ့ကွယ်။ ဒီတော့ ဒီသုခုမ အနုပညာဆိုတဲ့ ဒို့မြန်မာယဉ်ကျေးမှု ပန်းချီပညာကို ဗဟုသုတအနေမျိုးသာ လေ့လာဆည်းပူးကွယ်။ ကုလားလက်ထက် ကုလားပန်းချီပဲ ကြိုးစားသင်ရင် ကောင်းလိမ့်မယ်ထင်တယ် မောင်ဘစိန်ရာ’ဟု ဝမ်းနည်းစွာဆိုခဲ့သည်။
ဦးဘစိန်သည် ဆရာချုံဆုံးမစကားများကြောင့် မြန်မာမှု ပန်းချီပညာရပ်များကို လိုက်စားလိုခြင်းမှ အားလျော့ခဲ့ရသည်။ သို့သော် အားတင်းပြန်၍ မြန်မာမှုပန်းချီကို ကြိုးစား၍ ရေးဆွဲခဲ့သည်။ အချို့ပန်းချီဆရာများက ဦးဘစိန်ကို ခေတ်မဆန်သော ပန်းချီဆရာ ၊ ခေတ်နောက်ပြန်ဆွဲသည့် ပန်းချီဆရာဟုပင် ဝေဖန်ခဲ့ကြသည်။ ဦးဘစိန်က ‘ထိုသူတို့ဘယ်လိုပင် ပြောဆိုသော်လဲ။ ကျွနု်ပ်မှာ စိတ်မပျက်ဘဲ မိမိရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်သာ ပြေးသွားလျှက်ရှိ၏။’ ဟု မှတ်တမ်းတင်ခဲ့သည်။ ပန်းချီဖြင့် သရုပ်ဖော်သည်ကို အားမရဘဲ မြန်မာမှုဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင်ပါ ရေးသားခဲ့သည်။ ဦးဘစိန်သည် မိမိ၏ဝါသနာအတိုင်း ပုရပိုက်၊ ကျောက်စာ၊ ပေစာ၊ ရာဇဝင် သမိုင်းမှတ်တမ်းများကို  မွှေနှောက်ဖတ်ရှုခဲ့သည်။ ဘုရားပုထိုးများမှ မြန်မာ့ယဉ်ကျေးမှု အနုပညာများကို လေ့လာခဲ့သည်။ ဆရာဘထွေးက ‘လူရွယ်တစ်ယောက်ကို ရန်ကုန်မြို့ ရွှေတိဂုံကုန်းတော်ပေါ်၌ မကြာခဏ တွေ့ရသည်။ တစ်ခါတစ်ရံ လူရွယ်သည်  ထိုင်ခုံတစ်ခုပေါ်တက်ကာ ခေါင်းလောင်းကြီးမှ စာကြောင်းများကို တဖြည်းဖြည်း လှည့်ပတ်ကြည့်နေသည်မှာ နာရီပေါင်းများစွာကြာသည်။ တစ်ခါတစ်ရံ ဘုရားဆင်းတုတော် တစ်ဆူကို အသေးစိတ် လေ့လာနေတတ်သည်။ တစ်ခါတစ်ရံ တန်ဆောင်းပြာသာဒ်များမှ ပန်းပုလက်ရာများကို  စေ့စေ့စပ်စပ် မှတ်သားနေသည်။ လူရွယ်သည် ယင်းသို့ လေ့လာမှတ်သားနေရလျှင် ထမင်းမေ့ဟင်းမေ့ဖြစ်သည်။ ယင်းလူရွယ်မှာ ရန်ကုန်မြို့ပေါ်တွင် ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုရင်း မြန်မာမှုအနုပညာများကို သဲသဲမဲမဲ လေ့လာနေသူ ကိုဘစိန်ဖြစ်သည်’ဟူ၍ ထိုစဉ်က ဦးဘစိန်၏ အခြေအနေကို မှတ်တမ်းတင်ခဲ့သည်။ ဦးဘစိန်သည် သူရိယမဂ္ဂဇင်းတွင် မြန်မာမှုဆောင်းပါးများကို သရုပ်ဖော်ပုံများနှင့် ဖော်ပြခဲ့သည်။ ဦးဘစိန်၏ မြန်မာမှု ဆောင်းပါးများသည် ဇာတိမာန်ကို တက်ကြွစေခဲ့သည်။ ကဝိမျက်မှန် မဂ္ဂဇင်းတွင်လည်း ပန်းချီခန်းကို သရုပ်ဖော်ပုံများနှင့် နှစ်ရှည်လများ ရေးသားခဲ့သည်။ ဂျူဗလီဟောနှင့် တက္ကသိုလ်များတွင်လည်း မြန်မာ့ယဉ်ကျေးမှု အကြောင်းများ ဟောပြောခဲ့သည်။
ဦးဘစိန်၏ စာပေမိတ်သင်္ဂဟများတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ပုဂံဝန်ထောက် မင်းဦးတင်၊ ဦးမောင်မောင်တင်၊ ဆရာပွား၊ ဆရာလင်း၊ ဒီးဒုတ်ဦးဘချို ၊ ဦးဖိုးကျား၊ သူရိယ ဦးသိန်းမောင် စသောပုဂ္ဂိုလ်ကြီးများ ပါဝင်သည်။ ဦးဘစိန်သည် ၁၉၂၆ ခုနှစ်ခန့်တွင် ဗန္ဓုလဂျာနယ်တွင် M.Black အမည်ဖြင့် ကာတွန်းဆွဲခဲ့ပြီး နောက်ပိုင်းတွင် ဘစိန် (Ba Sein)  အမည်ရင်းဖြင့်ဆွဲခဲ့သည်။ ရှေးဦးကာတွန်း ဆရာများတွင် တစ်ဦးအပါအဝင် ဖြစ်လေသည်။ ၁၉၂၇ ခုနှစ်တွင် ဗိုလ်စံဖဲအတွက် ဆုငွေ ၅၀၀၀ ထုတ်ထားရသော အင်္ဂလိပ် အစိုးရကို ဗန္ဓုလဂျာနယ်မှနေ၍ သရော်သော ကာတွန်းများရေးဆွဲခဲ့သဖြင့် ဗန္ဓုလဂျာနယ်လည်း စောင်ရေအတော်ပင် တက်ခဲ့သည်။ ထိုစဉ်က ဆာဘွဲ့ရခါစ ပြည်ထဲရေးဝန်ကြီး ဆာဂျေအေမောင်ကြီးကိုလည်း ကာတွန်းများဖြင့် သရော်ခဲ့သည်။ ကဝိမျက်မှန်နှင့် သူရိယမဂ္ဂဇင်းတို့တွင် ရွှေတလေး၊ ဦးဟိန်စွန်း၊ ဦးသက်ဝင်းတို့နှင့်အတူ ကာတွန်းများဆွဲခဲ့သည်။ ဦးဘစိန်သည် ကာတွန်းသာမက စစ်သူကြီး ဗန္ဓုလဓားကိုလွယ်၍ တည်တည်ခန့်ခန့်ကြီး ရပ်နေပုံကို ဗန္ဓုလဂျာနယ်ကြီး၏ မျက်နှာဖုံးအဖြစ် ရေးဆွဲခဲ့သည်။ ဦးဘစိန်၏ လက်ရာများမှာ ဂျာနယ်အဖုံးရုပ်ပုံအဆင့် အလှ သက်သက်သာမဟုတ်ဘဲ မြန်မာမှုအစစ်အမှန် စံမီသော ပုံများဖြစ်သည်။ ရန်ကုန်မြို့တွင် ဒေါ်သိန်းနှင့် အိမ်ထောင်ကျပြီး သားနှစ်ဦး ထွန်းကားခဲ့သည်။ ဦးဘစိန်သည် ပန်းပုအနုပညာကိုလည်း လေ့လာလိုက်စားရုံမက ကိုယ်တိုင်လည်း ထုလုပ်နိုင်သူဖြစ်သည်။
ဦးဘစိန်သည် မြန်မာပန်းချီ ဆရာအသင်းတွင် အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။ ဦးဘစိန်သည် ကြီးပွားရေး မဂ္ဂဇင်းတွင်လည်း ဇာတိမာန်တက်ကြွဖွယ် မျက်နှာဖုံးပုံများ ရေးဆွဲခဲ့သည်။ ဗြိတိသျှဘားမား၊ ဒီးဒုတ်ဂျာနယ်၊ ဗန္ဓုလဂျာနယ်နှင့် ဦးမောင်မောင်ထုတ်ဝေသော လှယဉ်ယဉ် စာစောင်များတွင်လည်း ပန်းချီနှင့်ဒီဇိုင်းပုံများ ရေးဆွဲခဲ့သည်။ နာဇီဘီလူးကို လေးနှင့်ခွင်းပုံ ပိုစတာမှာ လူသိများခဲ့သည်။ ဦးဘစိန်သည် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူဖြစ်သဖြင့် သခင်ဘသောင်း၊ ဝိုင်အမ်ဘီအေ ဆရာတင်တို့နှင့် မကြာခဏ နိုင်ငံရေး ဆွေးနွေးလေ့ရှိသည်။ တို့ဗမာ အစည်းအရုံး ကိစ္စများတွင်လည်း ပါဝင်ဆောင်ရွက် ပေးခဲ့သည်။ တို့ဗမာအစည်းအရုံး၏ အမှတ်တံဆိပ် မီးတုတ်ထမ်း၍ ချီတက်နေကြသည့် ဗမာကြီးတစ်ဦး၏ပုံ ခေါင်းစည်းပုံမှာ ဦးဘစိန်၏ လက်ရာပင်ဖြစ်သည်။ မီးတုတ်ကြီး၏ အဓိပ္ပာယ်ကို ဝိုင်အမ်ဘီအေဆရာတင်က ‘ကျား သွေးကျားစိတ် ထိတ်ထိတ်ကြဲသတ္တိပါ၊ ဗိုလ်မထားဘူးဟေ့ တို့ဗမာ၊ (မီးတုတ် မီးတုတ်-ရှို့ရှို့) တို့ သခင်လက်စွဲ ရဲရဲတောက် မီးတုတ်ကြီးပါ’ သီချင်းရေးဖွဲ့ခဲ့သည်။
ဒုတိယကမ္ဘာစစ် ကာလမှစ၍ ဦးဘစိန်သည် ပန်းချီနှင့် လမ်းခွဲခဲ့သည်။ အိမ်ထောင်သစ်ထူခဲ့ပြီး ပန်းချီ၊ စာပေနယ်နှင့် ဝေးကွာခဲ့သည်။ ဂျပန်ခေတ်အတွင်း ပုဇွန်တောင် ညောင်တန်းရှိ မိတ်ဆွေဖြစ်သူ လွန်းဦးလှတိုက်တွင် နေထိုင်ကာ ပေါက်ပြား၊ ပေါက်တူး၊ ပေါက်ချွန်း စသော သံထည်ပစ္စည်းများ ထုတ်လုပ်သော လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ကော်မာရှယ် အတ်ပုံနှိပ်တိုက်ဖွင့်၍ ပုံနှိပ်လုပ်ငန်းလည်း လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ စက်မှုလက်မှုအဖွဲ့ချုပ်တွင် ဦးကျော်ငြိမ်း၊ ဟင်္သာတဦးမြတို့နှင့် အတူ နာယကတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌအဖြစ်လည်း စေတနာ့ဝန်ထမ်း အဖြစ်ဆောင်ရွက်ခဲ့သည်။ အစိုးရ၏ စက်မှုလက်မှု အကြံအပေးအရာရှိ ခန့်အပ်ခြင်း ခံရသောအခါတွင်လည်း လခ ၈၀၀ မယူဘဲ ဆောင်ရွက်ပေးခဲ့သည်။ ထိုစဉ်က အိန္ဒိယသို့ စက်မှုလက်မှုလေ့လာ ရေးသွားခဲ့သည်။ ပုဇွန်တောင် ပွဲစားကြီး ဦးဘိုးလှိုင်ကလည်း ၎င်းဖွဲ့စည်းခဲ့သော ရွှေတိဂုံရောင်တော်ဖွင့်အသင်း ကို ၁၉၄၇ ခုနှစ်တွင် ဦးဘစိန်အား လွှဲအပ်ခဲ့သဖြင့် ရောင်တော်ဖွင့် အသင်းဥက္ကဋ္ဌအဖြစ် နှစ်နှစ်ဆောင်ရွက်ခဲ့သည်။
ဦးဘစိန်သည် ငယ်စဉ်က ပတ္တလားအတီးကောင်းသူဖြစ်ပြီး ဘာဂျာမှုတ်ရာတွင်လည်း ‘ဘာဂျာဘစိန်’ ဟု အမည်ရအောင် ထူးချွန်သူဖြစ်သည်။ ဘိလိယက်ထိုးရာတွင်လည်း ‘ဘိလိယက်ဘစိန်’ ဟု အမည်တွင်ပြန်သည်။ ဘောလုံးအားကစားကိုလည်း ဝါသနာပါသူဖြစ်ပြီး ဆရာဇဝနက ‘ကျွန်တော်သည် ဘောလုံး ဝါသနာအိုးနှင့်တွေ့လျှင် ဘောလုံးပွဲသို့ ပါသွားတတ်သည်။ ကိုသိမ်းမောင်(သူရိယ)သည် ဘောလုံးဝါသနာကြီးသည်။ အကြိမ်များစွာသူနှင့် ကျွန်တော် ဘောလုံးပွဲသို့ သွားခဲ့ဖူးသည်။ တစ်ခါတစ်ရံ ကိုဘလုံ သို့မဟုတ် ကိုဘစိန် (ပန်းချီ) ပါလာတတ်သည်။ ကိုဘလုံထက် ကိုဘစိန်က ပို၍ ဘောလုံးဝါသနာပါသည်’ ဟု မှတ်တမ်းတင်ခဲ့သည်။
ဆရာကြီးဦးဘစိန်သည် ၁၉၇၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အိုးဘိုလမ်းနေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ဆရာပေါ်သစ်က ‘ဦးဘစိန်၏ လက်ရာများသည် မဂ္ဂဇင်းသရုပ်ဖော် ပုံများဖြစ်သော်လည်း မြန်မာ့ဓလေ့စရိုက်ကို စူးရှထက်မြက်စွာ ဖော်ထုတ်ခဲ့သော လက်ရာများဖြစ်သည်။ မြန်မာ့လူ့ဘောင် လူ့အဖွဲ့အစည်း၏ အခြေခံအလွှာဖြစ်သော ကျေးလက်တောရွာများမှ တောင်သူလယ်သမားတို့၏ ကောက်စိုက်ဟန်၊ ကြက်တိုက်ဟန်၊ နွားကျောင်းဟန် စသောလက်ရာများကို ရေးဆွဲလေ့ရှိသည်’ ဟု သုံးသပ်ခဲ့သည်။
ရည်ညွှန်း
ပန်းချီဆရာကြီး ဦးဘစိန်၏ မြန်မာမှု
(မင်းတင်အောင်)
ဗမာပြည် ပန်းချီသမဂ္ဂနှစ်လည်
သုခုမရိပ်မြုံစာစောင်

Most Read

Most Recent