ပြိုင်ဘက်ကို လေးစားခြင်း

ပြိုင်ဘက်ကို လေးစားခြင်း
Published 8 December 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
‘ပြိုင်ဘက်’ဆိုသည်က နယ်ပယ်အသီးသီးမှာ ရှိတတ်ကြသည်။ အချို့က ပညာရေးနယ်၊ အချို့ကစီးပွားရေးနယ်၊ အချို့ကလူမှုရေးနယ်၊ အချို့ကအနုပညာ၊ အချို့ကအချစ်ရေး အချစ်ရာ စသည်ဖြင့် နယ်စုံ,အလွှာစုံ၌ ရှိတတ်ကြစမြဲ။ ပြိုင်ဘက်ဟူသရွေ့၏ အတွင်းစိတ်က ‘အမာစား’ ဖြစ်သည်။ ‘သူ့ထက် ငါက ပိုတော်ရမည်’ ဆိုသည့်စိတ်ကို မွေးလေ့ရှိသည်။ ထိုစိတ်က မွေးလည်း မွေးသင့်သည့်စိတ်။
ဤနေရာ၌ ‘ငါ’ က အများဆိုင်နာမ် ဖြစ်သည်။ ကိုယ့်ဘက်ကကြည့်တော့ ကိုယ်က ‘ငါ’ ဖြစ်၍၊ သူ့ဘက်ကကြည့်တော့လည်း သူက ‘ငါ’ ဖြစ်သည်။ “သူ့ထက် ငါကပိုတော်ရမည်” ဆိုသည့် ခံယူချက်က လောက၏ ဖြစ်စဉ်တို့ကို ပို၍ပို၍ တိုးတက်လာဖို့အရေး၌ အရေးပါသည်။ “တော်တဲ့သူတွေ လုပ်ကြလိမ့်မပေါ့၊ ကျုပ်တို့ဖြင့် တတ်ပေါင်” ဆိုပြီး မှိုင်တွေး,ထိုင်ငေးနေသူတို့သာ များခဲ့မည်ဆိုပါက လောကဖြစ်စဉ်တို့ ဤပုံဤနည်း တိုးတက်ပွင့်လင်းလာစရာ အကြောင်းမရှိနိုင်။
(၂)
အားကစားနယ်ပယ်၌ ပြိုင်ဘက်၏ သဘောက ပို၍ထင်ရှားသည်။ ပြိုင်ဘက်က အဆင့်တူ,အမြင့်တူ၊ ဆိုက်တူ,ဂိုက်တူ ဖြစ်ဖို့လိုသည်။ “ဘက်တူရင် လူမရွေးပါဘု၊ ကြက်တူရွေး တောင်ရွာက၊ တက်လူကလေး မောင်ပြာလာပြီ” ဆိုသည့် ဟန်ရေးပြစကား၌ ပြိုင်ဘက်၏ အရည်တူ,အရွယ်တူ သဘောကိုတွေ့ရသည်။ ထို့ကြောင့်ပင် လက်ဝှေ့၌ ‘လိုက်ဝိတ်၊ မစ်ဒယ်ဝိတ်၊ ဟဲဗီးဝိတ်’ စသည်ဖြင့်လည်းကောင်း၊ ဘောလုံး၌ ‘ယူ ၁၆၊ ယူ ၂၀၊ နိုင်ငံလက်ရွေးစင်’ စသည်ဖြင့်လည်းကောင်း အတန်းခွဲများ ရှိနေခဲ့ခြင်းဖြစ်သည်။
မိမိတို့ငယ်စဉ်က ပေသီးပစ်၊ ကျည်းသားရိုက် စသောကလေးကစားနည်းတို့ကို ကစားသည့်အခါတိုင်း ကိုယ့်ထက်အသက်ကြီးသူများကို ဝိုင်းထဲဝင်ခွင့်မပြု၊ နောက်ပြီးကစားပွဲ၌ ‘ညစ်’ တတ်သည့် လူမျိုးကိုလည်း ဝင်ခွင့်မပြုချင်။ ‘မည်သူကဖြောင့်သည်၊ မည်သူကကောက်သည်’ ဆိုသည်ကိုလည်း ကလေးတို့၏ မွေးရာပါအသိဖြင့် နားလည်ပြီး ဖြစ်နေတတ်သည်။ ကလေးတို့၏ ကစားခုန်စားကိစ္စ၌ ဒိုင်လူကြီးမရှိသလို လုပ်ထုံးလုပ်နည်း နည်းဥပဒေဟုလည်း ရှိမနေခဲ့။ ကစားဝိုင်းတစ်ခု၏ အဖြစ်အပျက်ကိစ္စကို သူတို့ဘာသာ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ထိုအဆုံးအဖြတ်သည်ပင် ကလေးတို့၏ ဥပဒေသကျင့်ထုံး ဖြစ်တော့သည်။ “ဒီကောင်ပါမယ်ဆို ဒီဝိုင်းထဲ ငါမပါဘူး” ဆိုသည့်အသံကို ကလေးတို့၏ ကစားဝိုင်း၌ ရံခါကြားရတတ်သည်။
(၃)
ကစားပွဲတစ်ခု၌ သူ့နယ်ကိုယ့်နယ် ကိစ္စကလည်း အရေးပါသည်။ ဘောလုံးအားကစား၌ အိမ်ကွင်းအဝေးကွင်း ခွဲ၍ယှဉ်ပြိုင်ရသည့် ပွဲစဉ်မျိုးက ထိုသဘောမျိုး ဖြစ်မည်ထင်သည်။ ရွာအရှေ့ပိုင်းက ကလေးများ၏ ကစားပွဲသို့ အနောက်ပိုင်းက ကလေးတစ်ယောက် ရောက်လာလျှင် သူတို့မခေါ်ဘဲ ဝိုင်းထဲမဝင်ရဲ။ ရွာပေါက်စကလေး၌ပင် သူ့အထာကိုယ့်အထာ၊ သူ့နယ်ကိုယ်နယ်ဆိုသည့် အခံစိတ်ကရှိသည်။ ပြိုင်ဘက်တစ်ယောက်အနေဖြင့် သူ့နယ်မြေကို လေးစားမှုရှိခြင်းကလည်း ဘဝပေးအသိတစ်မျိုးပဲ ဖြစ်ဟန်တူသည်။
တစ်ခါက ဘီလုံးငှက်ငယ် တစ်ကောင်သည် အစာရှာထွက်စဉ် မိမိနယ်ကို လွန်၍သွား၏။ ထိုခဏ၌ သိမ်းစွန်ငှက်ကြီး၏ သုတ်ယူခြင်းကို ခံလိုက်ရသည်။ ထိုအခါ ဘီလုံးငယ်က “ငါ့နေရာငါနေရင် ခုလိုအဖမ်းအဆီးခံရမည်မဟုတ်၊ သူ့နေရာကို နယ်ကျွံမိခြင်းကြောင့်သာ ကံဆိုးမိုးမှောင်ကျရသည်” ဟု ညည်းတွားလိုက်သည်။ ထိုအခါ အားကြီးသူ သိမ်းစွန်ငှက်က “သင့်နေရာဖြစ်စေကာမူ ငါ့လက်က လွတ်နိုင်ရိုးလား” ဟုငေါက်ငမ်းကာ ဘီလုံးငယ်နေရာ ထွန်စာခဲကြားသို့ ပြန်လွှွတ်ပေးလိုက်သည်။
ဘီလုံးငယ်လည်း သူ့နေရာ ပြန်ရောက်သော် ဧရာမထွန်စာခဲတုံးကြီးပေါ်သို့ တက်ကာ “အချင်း၊ လာလော့” ဟု သိမ်းငှက်ကို စိန်ခေါ်လိုက်သည်။ ‘မလောက်လေး မလောက်စားက ငါ့ကို စိန်ခေါ်သည်’ ဆိုသည့် ခံပြင်းစိတ်ဖြင့် အမြင့်ကြီးပျံတက်ပြီး ဘီလုံးငယ်ရှိရာသို့ အားမာန်အပြည့်ဖြင့် သိမ်းငှက်ကြီး ထိုးဆင်းလာသည်။ ထွန်စာခဲအနီးသို့ သိမ်းငှက်ကြီး ရောက်လာချိန်၌ ဘီလုံးငယ်က ထွန်စာခဲကြားသို့ ဝင်ပုန်းလိုက်သည်။ အရှိန်ဖြင့် ထိုးဆင်းလာသူ သိမ်းငှက်ကြီးခမျာ သူ့အရှိန်သူ မထိန်းနိုင်ဘဲ ရင်အုံနှင့် မြေစိုင်ခဲအမာထိကာ ရင်ကွဲ၍ သေပွဲဝင်ခဲ့ရကြောင်း ဇာတကဝတ္ထုတစ်ပုဒ်၌ ဆိုသည်။
(၄)
သာလွန်မင်းတရား စိုးစံခဲ့စဉ်ကာလက ‘တောင်ဖီလာဆရာတော်’ ဟု နောင်တွင်ထင်ရှားလာမည့် “အရှင်မုနိန္ဒဃောသထေရ်” သည် ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာနိဿယများကို တိုက်ဆိုင်ရန် အလို့ငှာ ပုခန်း - သာဂရဝက်ကျ ဥမင်၌ တောရကျင့်သုံးတော်မူသော ရွှေဥမင်ဆရာတော် “အရှင်ဇမ္ဗုဓဇထေရ်” ရှိရာအရပ်သို့ ကြွတော်မူလာသည်။
တောင်ဖီလာ ဆရာတော်သည် မင်းအကိုးအကွယ်ခံ ဆရာတော်ဖြစ်သည်နှင့်အညီ နောက်ပါအခြွေအရံများစွာ၊ လှူဖွယ်ပစ္စည်းများစွာဖြင့် ကြွတော်မူလာခြင်းဖြစ်သည်။ အလုပ်အကျွေး ဖိုးသူတော်တစ်ဦးမျှသာရှိသော ရွှေဥမင်ဆရာတော်သည် မင်းဆရာကြွတော်မူလာသော ထိုခဏ၌ ခင်းပေးစရာ အခင်းကောင်းကောင်း မရှိလေရကား “မိမိအသုံးပြုနေကျဖြစ်သော စမ္မခဏ် (သားရေနယ်ပိုင်း) ကို ဖုံခါ၍ ခင်းပေးရ၏” ဟုအဆိုရှိသည်။
ပညာရှိသူတော်ကောင်း မထေရ်ကြီးနှစ်ပါး ဝမ်းသာအားရ နှုတ်ခွန်းဆက်စကား ဆိုတော်မူကြပြီးနောက် မင်းဆရာတော်က “ပရိသတ်အခြွေအရံ နည်းပါးလှပါသည်၊ ကြောက်တော်မမူပါလား ဘုရား” ဟု မေးလျှောက်လေရာ ရွှေဥမင်ဆရာတော်က “ကြောက်သောကြောင့်ပင် ပရိသတ်အနည်းနှင့် နေပါသည်” ဟုဆိုလိုက်သည်။
ထိုစကားကိုကြားလတ်သော် တောင်ဖီလာ ဆရာတော်၏ စိတ်၌ “သြော်၊ ငါသည်ကား ပရိသတ်အများနှင့် နေသူဖြစ်၍ မကြောက်ရာ ရောက်ချေပေါ့” ဟု သံဝေဂဖြစ်တော်မူသည်။ ထို့နောက်၊ နိဿယချင်း တိုက်ဆိုင်ကြည့်ရှုသောအခါ မင်းဆရာ၏နိဿယသည် ကျယ်ဝန်း၍ ရွှေဥမင်နိဿယသည် ကျဉ်းလေရကား “နောင်လာနောက်သားတို့အတွက် အကျဉ်းမျှဖြင့် တော်လောက်ပြီ” ဟု နှလုံးပိုက်ကာ မိမိ၏နိဿယကို စေတီရင်ပြင်တော်၌စုပုံ၍ မီးပူဇော်လိုက်လေသည်။ ထို့နောက် ရွှေဥမင်ဆရာတော်၏ သတိပေးစကားကို အဖန်ဖန်ဆင်ခြင်တော်မူကာ နေရင်းဖြစ်သော စစ်ကိုင်းလေးထပ် ကျောင်းတော်ကြီးသို့ပင် မဝင်တော့မူ၍ တောင်ဖီလာတောရသို့ကြွကာ တောထွက်တော် မူခဲ့ပါသည်။
(၅)
မန္တလေးမြို့မှ ထင်ရှားသည့် သတင်းစာဆရာ စာရေးဆရာမောင်နှံဖြစ်သည့် ဆရာကြီး လူထုဦးလှနှင့် ဆရာမကြီး လူထုဒေါ်အမာတို့ နှစ်ဦးစလုံး ‘ချာလီချက်ပလင်ကို သိပ်ကြိုက်ကြ၏’ ဟုဆိုပါသည်။ တစ်နေ့ ပြည်ပရောက် မိတ်ဆွေတစ်ဦးက ချာလီချက်ပလင် ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ကို သူတို့ထံ လက်ဆောင်ပို့လိုက်သည်။
ထိုစာအုပ်ကို ဖတ်ကြည့်ပြီးနောက် လူထုဒေါ်အမာက ဘာသာပြန်ဖို့ စိတ်ကူးရသွားသည်။ သို့သော် သူ့ထုံးစံအတိုင်း ချာလီချက်ပလင်ထံ ခွင့်တောင်းစာ ရေးပို့လိုက်သည်။ အတော်လေးကြာမှ ချာလီချက်ပလင် ကိုယ်တိုင်လက်မှတ်ထိုးထားသော ခွင့်ပြုစာနှင့် ထုတ်ဝေသူဆီက ပြန်စာကိုလက်ခံရရှိသည်။ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် လူထုသတင်းစာ၌ နေ့စဉ်အခန်းဆက်အဖြစ် ထည့်သွင်းဖော်ပြရန် မူရင်းစာအုပ်ကို ပြန်ဖတ်နေဆဲ၌ပင် အခြားစာရေးဆရာ တစ်ယောက်၏ ချာလီချက်ပလင် အတ္ထုပ္ပတ္တိဘာသာပြန်စာအုပ်က စာအုပ်ဈေးကွက်ထဲ ရောက်လာတော့သည်။
လူထုဒေါ်အမာ ဘာသာမပြန်ဖြစ်တော့ပါ။ အနီးနေလူငယ်များက ဝိုင်းဝန်းတိုက်တွန်း တောင်းပန်ကြသော်လည်း ချာလီချက်ပလင်၏ ထိုစာအုပ်ကို ဘာသာမပြန်ဖြစ်တော့။ “လူတွေဖတ်စေချင်လို့ ဒေါ်ဒေါ်က ဘာသာပြန်မယ် စိတ်ကူးတာပဲဟာ၊ အခု အဲဒီစာအုပ်ထွက်လာလို့ လူတွေဖတ်ရရင် ပြီးရောပေါ့ကွယ်” ဟုသာဆိုခဲ့သည်။
(၆)
လေးစားထိုက်သူတို့ အပေါ်၌ တလေးတစား ပြုမူဆက်ဆံတုံ့ပြန်ခြင်းသည် ‘ဂါရဝ’ မည်၍၊ မိမိ၏ မြင့်မောက်သော စိတ်အနေကို နှိမ့်ထားခြင်း၊ ချထားခြင်းသည် ‘နိဝါတ’ မည်ပါ၏။ ဓမ္မစစ်ကို မသိခဲ့လျှင် တလေးတစား ပြုမူဆက်ဆံခြင်း ဂါရဝအမှုကို အောက်ကျနောက်ကျ နိုင်သောအလုပ်ဟု ထင်မြင်သူအချို့ ရှိကောင်းရှိနိုင်ပါသည်။ စင်စစ်သော်ကား ဂါရဝတရားသည် အလွန်မွန်မြတ်၍ အထက်တန်းကျသော ယဉ်ကျေးမှုသင်္ကေတ လက္ခဏာရပ်ဖြစ်သည်။ ထိုအပြုအမူ၏ အထက်တန်းကျခြင်းကို သိလေလေ၊ ဂါရဝတရားရှိလေလေပင် ဖြစ်တော့သည်။
‘သူ့စာ,ကိုယ့်စာ’ပြိုင်ရေးနေကြသည် မဟုတ်ပါသော်လည်း ဘာသာရပ်ချင်းတူသူ အခြားတစ်ယောက်၏ လုပ်ရပ်အပေါ် အလေးထားစိတ်ဖြင့် ကိုယ့်လုပ်ရပ်ကို နောက်ဆုတ်ပေးခဲ့ကြသည့် တောင်ဖီလာ ဆရာတော်နှင့် လူထုဒေါ်အမာတို့၏ စိတ်နေစိတ်ထားက တမွန်တမြတ် ရှိလှသည်။
လက်ဝှေ့စကားဖြင့် ပြောရလျှင် ဘီလုံးနှင့်သိမ်းစွန်က ‘ဝိတ်’ တန်းချင်း အကွာကြီးကွာသည်။ သို့စဉ်လျက် ဘီလုံးငှက်ငယ်လေးအပေါ် မလေးမစားစိတ်ဖြင့် ‘ငါနှင့်ငါသာ နှိုင်းစရာ’ လုပ်ခဲ့သော သိမ်းစွန်ငှက်ကြီး၏ အဖြစ်ကတော့ ဘဝနိဂုံးမလှခဲ့ပါချေ။
(၇)
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက မယ်ဒယ်လင်မြို့ အနီးရှိ တောင်တန်းများထက်၌ လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။ ထိုလေယာဉ်ပေါ်၌ Copa Sudamericana ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားကြမည့် ဘရာဇီးကလပ် ချာပီကိုအန်ဆီ အသင်းမှ ဘောလုံးသမားများ၊ နည်းပြအဖွဲ့ဝင်များ၊ မီဒီယာများနှင့် အခြားခရီးသည်တို့ စီးနင်းလိုက်ပါလာကြသည်။ ထိုဖြစ်စဉ်၌ အသက်ရှင် ကျန်ရစ်သူ ခြောက်ဦးသာရှိခဲ့၏ ဟုဆိုသည်။
ထိုဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားမည့် ပြိုင်ဘက်အသင်းက ကိုလံဘီယာကလပ်အသင်း တစ်သင်းဖြစ်သည့် ‘အက်သလက်တီကို နေစီယွန်နယ်’ ဘောလုံးအသင်းဖြစ်သည်။ ကိုလံဘီယာ ကလပ်အသင်းက လေယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ‘ချာပီကိုအန်ဆီအသင်း’ အား ဂုဏ်ပြုသည့်အနေဖြင့် ‘ချန်ပီယံဆု’ ချီးမြှင့်ပေးပါရန် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ထံတောင်းဆိုခဲ့ကြောင်း သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ထိုသတင်းကို ဖတ်မိအပြီး၌ “ပြိုင်ဘက်ကိုလေးစားခြင်း” ဆိုသည့် ခေါင်းစဉ်က မိမိအတွေးအိမ်ထဲ အလိုလိုဝင်ရောက်လာခဲ့သည်။
ဖတ်သည့်စာ-
- သကုဏဂ္ဃိဇာတ်၊
- အနာဂတ်သာသနာရေး၊ (အရှင်ဇနကာဘိဝံသ)
- ငြင်းခုံကြပါစေ ပန်းတိုင်းပွင့်ပါစေ၊ (လူထု စိန်ဝင်း)

Most Read

Most Recent