မိုးညှင်းမြို့နယ်နှင့် ကသာမြို့နယ် အစပ်တွင် မိုင်းနင်းမိပြီး တစ်ဦးသေ တစ်ဦး ဒဏ်ရာရရှိ

မိုးညှင်းမြို့နယ်နှင့် ကသာမြို့နယ် အစပ်တွင် မိုင်းနင်းမိပြီး တစ်ဦးသေ တစ်ဦး ဒဏ်ရာရရှိ
Published 30 November 2016
စိုးစံ (အင်းတော်)

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နယ်စပ်နေရာတွင် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က KIA အဖွဲ့က ထောင်ထားသော မိုင်းနင်းမိပြီး ပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ မှတ်တိုင်ကျေးရွာမှ ရှမ်ကြီး(ခ)ခင်မောင်စိုးက “ကျွန်တော်တို့ သမီးယောက်ဖနှစ်ယောက် ဆိုင်ကယ်နဲ့ တောထဲကို အိမ်အမိုး မိုးဖို့အတွက် ကြိမ်ခုတ်သွားကြတာ။ လမ်းကလည်း သွားနေကျလမ်း ဆိုတော့ ခါတိုင်းလိုပဲ ထင်တာပါ။ အဲဒီမှာ ကျွန်တော့်ယောက်ဖက သွားနင်းမိတာ။ သူက အရှေ့က ကျွန်တော်က အနောက်ကပါ။ မှတ်တိုင်ရွာကနေ လူမှုကူညီရေး အသင်းက ကားနဲ့ ပို့တာပါ။ ဒဏ်ရာက ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ မျက်နှာမှာပဲ ဒဏ်ရာရတာပါ။ ကျွန်တော့် ယောက်ဖကတော့ ဆုံးသွားပါပြီ။ ဖြစ်ဖြစ်ချင်း ကျွန်တော် သယ်သေးတယ်။ လမ်းအတိုင်း လာရင်လည်း အန္တရာယ်ကများတော့ တောလမ်းကို ဓားနဲ့ခုတ် သ့ူကို ပိုးပေါ့။ သူ့ကို ခေါ်ကြည့်တော့ ကျောပေါ်မှာ သတိက ရတစ်ချက်၊ မရတစ်ချက်။ ဒီအတိုင်းတော့ မရတော့ဘူး။ ကျွန်တော်လည်း မျက်စိက ဝါးနေပြီဆိုတော့ သစ်ပင်ခြေရင်းမှာချ ခေါင်းအုံး အုံးထားပေးပြီးမှ ရွာထဲကို လူလာခေါ်ရင်း လာခဲ့တာ။ မျက်စိက မမြင်ချင်တော့ဘူး။ လမ်းမှာ တခြားလူတွေနဲ့ တွေ့လို့ လိုက်ပို့ပေးလို့ ရွာကို ရောက်လာတာပါ” ဟု ပြောကြားသည်။ကသာခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဝဏ္ဏသောင်းက “လူနာက ရောက်လာတုန်းက ကောင်းကောင်း သတိရပါတယ်။ ရောက်ခါစမှာ မျက်ခွံက ရောင်ပြီးတော့ သိပ်ဖွင့်လို့ မရဘူး။ ဖြစ်ဖို့များတာကတော့ ဒီမိုင်းကွဲတယ် ဆိုတဲ့ အချိန်မှာ ယမ်းငွေ့နဲ့ မျက်လုံး ရိုက်မိပြီး မျက်လုံးဖွင့်မရတာ ဖြစ်ဖို့များတာပေါ့။ နောက်တစ်ခုက ကိုယ်ခန္ဓာမှာရှိတဲ့ ဒဏ်ရာတွေကတော့ မိုင်းကွဲတဲ့ ယမ်းစတွေ မှန်တာထက် မြေကြီးနဲ့ ကျောက်ခဲတို့ စင်တဲ့ပုံစံ ရှိပါတယ်။ ကျန်တာတော့ အတွင်းကလီစာတွေ  ထိခိုက်တဲ့ လက္ခဏာတော့ မရှိပါဘူး။ ဒီနေ့မှာ ဆိုရင်တော့ ရောက်တဲ့ အချိန်ကနဲ့ မတူတော့ပါဘူး။ မျက်လုံးလည်း နည်းနည်းဖွင့်နိုင်ပြီ။ ခန္ဓာကိုယ်က ဒဏ်ရာတွေ သက်သာအောင် ဆေးပေးထားပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent